စိတ်ကောင်းရှိဖို့က ပထမ

Tuesday, March 16, 2010

မေတ္တာဆောင်သည့် တေး

ဓားစတဲ့ လက်နက်ရှိရင် ကျားကတောင် မကိုက်ရဲပါဘူး၊ လက်နက်မဲ့ရင်တော့ နွားမကတောင် ဝှေ့ချင်ပါတယ်၊ ဒါ့ကြောင့် လက်နက်ရှိကြရမယ်။

ဘာလက်နက် ရှိကြရမလဲ၊ တောမီးဟာ သစ်ရွက်ခြောက်ကို လောင်လွယ်တယ်၊ သစ်ရွက်စိုကိုတော့ မလောင်ဘူး၊ မသူတော်မီးဟာ မေတ္တာခန်းသူကို လောင်လွယ်တယ်၊ မေတ္တာဖြန်းသူကိုတော့ မတတ်နိုင်ဘူး။
ဒါ့ကြောင့် မေတ္တာလက်နက် ဆောင်ကြရမယ်။

အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော်

Saturday, February 27, 2010

အထူအပါး


လူဆိုတာ အထူအပါးကို နားလည်ရတယ်

အရှည်အတိုကို သိရတယ်
အနီးအဝေးကို မြင်ရတယ်

သူချစ်သော တပည့်များကို အကြိမ်ကြိမ် ပြောပြမိသော စကားများဖြစ်၏။ အကြိမ်ကြိမ် သွန်သင်ပြမိသော ဆုံးမ စကားများဖြစ်၏။ အကြောင်းကတော့ မဆုံးနိုင်သော ဘ၀ခရီးကြမ်းကို ဖြတ်သန်းသွားရမည့် တပည့်များ၏ ဘ၀ခရီးမှာ ပြင်မရသော အမှားများ ပြုလုပ်မိမှာ သူစိုးရိမ်သောကြောင့်ဖြစ်၏။ သတိမမူ ဂူမမြင် ဆိုသလို အမှတ်မထားမိဘဲ သာမာန်လုပ်လိုက်သော အလုပ်တစ်ခုက ဘ၀မှာ ပြင်ဖျက်၍ မရသော အမဲစက်ကြီး တစ်ခု ဖြစ်စေနိုင်၏။ နောင်ကျမှ နောင်တများ ဗလပွရ၊ အသိတရားများ ရပေမဲ့ နောက်ကျသွားပြီလေ ။

အလေးအနက်မထား ပေါ့ပျက်ပျက် မောင်းတတ်သော ဒရိုင်ဗာတစ်ယောက် အတွက် ကားတိုက်မှုသည်
လက်တစ်ကမ်းမှာရှိ၏။ အလုပ်တစ်ခု ဖြစ်ကတတ်ဆန်း လုပ်တတ်သူများ တွေ့ကြုံ လေ့ရှိသည့် သဘာဝအတိုင်း
ကားတိုက်မှုဖြစ်ပြီး ဆိုးရွားလွန်းသော မြင်ကွင်းကို မြင်လိုက်ရပြီဆိုလျှင် နောင်တများတစ်ပွေ့တပိုက်ကြီး ရသွား
ရော။

သူ၏ အမှုမထား သာမာန် လုပ်လိုက်သော အပြုအမူလေးက တစ်ဖက်သား သေကျေပျက်စီး ဒုက္ခများ တစ်သီ တစ်သန်းကြီးရသွားရော့လား၊ "ကျွန်တော် ဒီလို ဖြစ်မှန်းမသိပါဘူး" "ဒီလို မရည်ရွယ်ပါဘူး" "မတော်မိလို့ပါ" စသည်ဖြင့် ဆင်ခြေ အမျိုးမျိုး ပေးပေမဲ့ လုံလောက်သော အကြောင်းပြချက်ကို မည်သည့်အခါမှ ပေးနိုင်မှာ မဟုတ်သလို ထိုက်တန်သော လျှော်ကြေး ကိုလည်း ပေးနိုင်မှာမဟုတ်ဘူးလေ။ သူ့ကြောင့် ဒုက္ခရောက်သူများက လည်း ခွင့်လွှတ်နားလည်ရန် ခက်ခဲလိမ့်မည်။ မတော်၍ ဖြစ်သွားပေမဲ့ သေသူက သေပြီလေ။ မတော်၍ ဖြစ်တိုင်း ခွင့်လွှတ်ပေးရရိုးဆိုလျှင် ကမ္ဘာပေါ်မှာ ကားအက်စီးဒင့် ဥပဒေဆိုတာ မရှိတော့ဘူးလေ။


မီးလောင်မှုဖြစ်ပွားတိုင်းအမှုစကျူးလွန်သူများကို မေးမြန်း စစ်ဆေးကြည့်လျှင်လည်း ဆင်ခြေဆင်လက်အမျိုးမျိုး ပေးတတ်ကြမြဲပင်။ သေချာတာကတော့ သူတို့လည်း ဒီလောက်ထိ ဆိုးဆိုး ရွားရွား ဖြစ်သွားလိမ့်မည်ဟု ဘယ်ထင်ပါ့မလဲ။

အဆင်မပြေစွာရှင်သန်နေရသော ဘ၀ကို သေရည်နှင့် ယာယီသေအောင် လုပ်ပြီး အိမ်ပြန်လာသော လင်တော်မောင်ယောက်ျား ကို မြင်တော့ ဇနီးသည်မှာလည်း ဒေါသသေရည်များဖြင့် ယစ်မူးသွား၏။ ကူးဆက်ရောဂါ ဖြစ်သွားသော ဇနီးက အယုတ္တ အနတ္တများဖြင့် ဆဲဆို ရေရွတ်၏။ မူးယစ်နေသူတစ်ဦး၏ အတွေးအမြင်မှာ သူမဖန်ဆင်းနိုင်တာ ဘာမှမရှိ။ သေရည်က သူ့ကို အုပ်စိုးချယ်လှယ်နေသလို သူကလည်း အရာရာ အုပ်စိုးချယ်လှယ်ချင် ၏။ မာကျောခက်ထန် ပူလောင်နေသော အရာမှန်သမျှလောင်ကျွမ်းဝါးမျိုရန် အငွေ့တထောင်းထောင်းထနေ၏။ အဆက်မပြတ် ပစ်ထည့်နေသော စကားလုံးကြမ်းကြမ်းများက ပူလောင်နေသော သူ့ကို ပို၍လောင်ကျွမ်းစေ၏။ ယောက်ျားက သူ့ရှေ့မှာ ထွန်းညှိထားသော မီးခွက်နှင့် ဇနီးသည်အား လှမ်း ပေါက်လိုက်၏။ ထိုအသိမဲ့ သတိမဲ့သော တုန့်ပြန်မှုတစ်ချက်ကြောင့် တစ်ရပ်ကွက်လုံး ပြာဖြစ်သွားရ၏။

ဆေးလိပ် မသောက်ရ ဟု ရေးထားသော စာတန်းနီအောက်မှာ စတိုင်ကျသော လူငယ်တစ်ယောက် ဆေးလိပ်
သောက်နေ၏။ သူစီးလာသော ဆိုင်ကယ်ကို ဆီထည့်ရန် ပြောလိုက်သော သူ့လက်ဟန် ခြေဟန်များက လူနေမှုအဆင့်အတန်း မြင့်မားဟန် ရှိပေမယ့် အသိဉာဏ်အဆင့်အတန်း မမြင့်မားတာ သေချာ၏။ လက်ချောင်းလေးများ ကြားမှ လှလှပပ ညှပ်ထားသော ဆေးလိပ် ဆီတိုင်ကီဘေး အမှတ်မထင်ကျသွားပြီး အရုပ်ဆိုးအကျည်းတန်သော မီးတောက်ကြီးတစ်ခု ဖြစ်သွားခဲ့၏။

စိတ်မပါ့တပါ နမော်နမဲ့ လုပ်လိုက်သော အပြုအမူလေးက အမှိုက်ကစ ပြဿာဒ်မီးလောင် အိုးအိမ်ပေါင်းများစွာ
ပြာပုံဖြစ် လူပေါင်းများစွာ သေကျေပျက်စီး ခိုကိုးရာမဲ့ဒုက္ခပင်လယ်ဝေလျှက် ဖြေသိမ့်၍မရအောင် သောကများ
ဝါးမျိုလောင်ကျွမ်းခံကြရ၏။ သူတို့ ဘ၀ဒုက္ခများ ပြေလျော့သွားအောင် မည်သို့ ဖြေသိမ့်ပေးမည်နည်း။

သူကြားဖူးသော အကြောင်းအရာလေး တစ်ခုရှိ၏။ တောနယ်မှ မိသားစုတစ်စု မြို့ပေါ်သို့ ဘုရားဖူးလာကြ၏။
မြို့ပြ၏ ထူးဆန်းဖွယ် အာရုံမျိုးစုံအောက်မှာ ဘယ်မှမသွားဖူး မရောက်ဖူးသူ တောသူ တောင်သားများ အတွက်
ရင်သပ်ရှုမော အံ့သြဖွယ်ရာအတိ ဖြစ်နေ၏။ ရှုပ်ယှက်ခတ် ပြေးလွှားနေသော လိုင်းကားများကို တိုးဝှေ့တက်စီး
ရင်း အရာရာငေးမောနေကြရ၏။

ကားနောက်ဖျားက မိခင်နံဘေးမှာ (၂)နှစ်(၃)နှစ်အရွယ် ကလေးငယ်လေး ထိုင်နေ၏။ ရုတ်တရက် ကားမောင်း သော အရှိန်ကြောင့် ကလေးငယ်၏ ဦးထုပ် ပေတရာ လမ်းမပေါ် လွင့်ကျ သွား၏။ အတွေးမကြွယ်သော ကလေး ငယ်တစ်ဦး၏ အသိမှာ သူ့ဦးထုပ်သာရှိ၏။ လွင့်ကျသွားသော ဦးထုပ်ကို စိုးရိမ်တကြီး ခုန်ဆင်းပြီး ကောက်လိုက်၏။ နောက်မှ ကပ်ပါလာသော ကားက ကလေးငယ်ကို ......


အလွန်ဝန်းနည်းစရာကောင်းသော မြင်ကွင်းတစ်ခု ကြေကွဲစရာကောင်းသော ဖြစ်ရပ်တစ်ခု အတွက် မည်သူ့ကို
အပြစ်တင်ရမည်နည်း၊ နမော်နမဲ့မောင်းပြီး ကျော်တက်ချင်သော ကားဒရိုင်ဘာကို အပြစ်တင်မည်လား မသိနား
မလည်သော တောသူတောင်သား မိဘနှစ်ပါးကို အပြစ်တင်ရမည်လား ။ သေချာတာကတော့ ကလေးငယ်မှ
တစ်ပါး အာလုံးမှာ အပြစ်ရှိသည်။ ပေတရာ လမ်းမကြီးကတော့ သူ့ရင်ခွင်မှာ စွန်းထင်သွားသော ရက်စက်မှုကို
ကြိမ်ဆဲနေလောက်၏။

ကြိုတင်မမြင်နိုင်သော မရေရာမသေချာသော အနာဂတ် လမ်းမပေါ် အသိ သတိနှင့် အရာရာ ထိန်းညှိနေတတ်မှ တော်ရာကျမည်။ အသိ သတိမဲ့သော ခြေလှမ်းတိုင်းသည် အန္တရာယ်ကို အချိန်မရွေး ၀င်တိုးတိုက်သွားနိုင်၏။ တွေ့ကြုံ နေကျ လုပ်ငန်းကိစ္စတိုင်း၏ အထူအပါး၊ အတိမ် အနက်ကို မသိ မမြင်နိုင်လျှင် ကိုယ့်ဘ၀အစိတ်အပိုင်း များကို တဖြေးဖြေး ကိုယ်ပြန်မြေမြုပ်သင်္ဂြိုဟ်သလို ဖြစ်သွားနိုင်၏။

ဒေ၀ဒတ်က ဘုရားနှင့် ပြိုင်ပြီး ဘုန်းကြီးချင်၏။ ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားမှုကို ခံချင်၏။ ထို့ကြောင့်
မြတ်ဗုဒ္ဓနှင့် ပြိုင်တု၏။ ထုထည်ကြီးမားလွန်းသော မြတ်ဗုဒ္ဓတည်းဟူသော ကျောက်ဆောင်ကို ခေါင်းနှင့်
ဆောင့်လိုက်တော့ သူပဲ ခေါင်းကွဲသွား၏။ ဘ၀ကွဲကြေသွား၏။ သူ ပါးပါးလေး သိသလို တိုတိုလေးမြင်၏။ နီးနီး
လေး ကြည့်၏။ သူ၏ ဒကာ/ဒကာမ(၅၀၀) သည်လည်း ဆရာသင် ပေးသည့်အတိုင်း ပေါ့ပေါ့ပါးပါး ကျင့်သုံးနေ
ထိုင်၏။ လတ်တလော အကျိုးဆက်ကလည်း တိုတိုလေး နီးနီးလေးပင်။ ချက်ချင်းဆိုသလို အဖြေရသွား၏။ ဒါပေမဲ့ အ၀ီစိဟူသော သူတို့ဘ၀ခရီး ဒုက္ခခရီး ဒုက္ခအကျိုးဆက်က ထုထည်ကြီးမားလွန်း၏။ အထူအပါးကို နားမလည်သော အကျိုးဆက်က ကြောက်မက်ဖွယ်ရာ ကောင်းပေစွ။

အတိုအရှည် မသိသူ၏ ဘ၀ခရီးကလည်း မီးပင်လယ်ကြီး ဖြစ်သလို အနီးအဝေး မမြင်တတ်သူ၏ အမြင်ကလည်း ဓားသွားပေါ်က ပျားရည်စက်ကို အလွန်ချိုမြိန်ဖွယ်ဟု မြင်တတ်၏။ အသိဉာဏ်ကန်း ခြောက်ကမ်းပါးကို တရွေ့ရွေ့ တိုးသွားနေသည်ကို မာရသွန်ပြိုင်ပွဲမှာ အပြေးပြိုင်နေသလို အားမလို အားမရဖြစ်နေတတ်၏။

မီးပုံပွဲနွှဲမည့် ပိုးဖလံတစ်ကောင်၏ ကခုန်ပျော်မြူးမှုမျိုးနှင့် တက်ကြွနေတတ်၏။ ခန္ဓာကိုယ်ပေါ် ဦးခေါင်းကြီးကို အလေးခံတင်ထားပါလျှက်နှင့် သူနှင့်ထိုက်တန်သော အလုပ်ကို မလုပ်ခိုင်းတော့ အထူအပါး၊ အတိုအရှည်၊ အနီး အဝေးကို သိမြင်နိုင်စွမ်းမရှိတော့။

ခန္ဓာကိုယ်တစ်ခုလုံး ရေသာခိုစီးတတ်သော ဦးနှောက်မပါသော ဦးခေါင်းကြောင့် အသားမျက်လုံးရှိပေမဲ့ ဉာဏ်
မျက်လုံးကန်းသွား၏။ အရသာခံတတ်၊ ပေါက်တတ်ကရ ပြောတတ်သောအသားပါးစပ်ရှိပေမယ့် ထက်မြက်သော သစ္စာပါးစပ်အသွား၏။ နားထောင်တတ်သော အသားနားရှိပေမဲ့ ပိုင်းခြားနားလည်တတ်သော ဉာဏ်နားရွက် ပျက်သွား၏။ အသိဉာဏ် အူတိုင်ပေါက်ပြီး ၀က်များလို အသားများတူ၊ ခန္ဓာကိုယ်ဆူဖြိုးလာလျှင် ဒုက္ခဟင်းအိုး ထဲမှာ ကိုယ်ကျိုးနည်းလျှက် ပိုးလိုးပက်လက် ဘ၀ပျက်တတ်၏။

စုန္ဒသူကရိက ၀က်သတ်သမား တစ်ယောက်(၅၅)နှစ်လုံးလုံး ကိုယ်တိုင် ၀က်များသတ်၊ ကိုယ်တိုင်ချက်၊ သူလောက်အစားအစာ အရသာ ခံစားတတ်သူ ဘယ်ရှိမှာလဲ၊ ချိုမြိန်သော နောက်ဆုံးဝက်သားဟင်းတစ်ခွက်ကို
မက်မက်စွက်စက် မစားနိင်ခင်(၇) ရက်လုံးလုံး ၀က်လို လေးဘက်သွား၊ ၀က်လိုအော်၊ ၀က်လိုသေသေပြီး အ၀ီစိရောက်သွား၏။ ရက်စက် ကြမ်းကြုတ်သူ၏ သွားရာလမ်း မှန်းဆကြည့်စရာမလို သူနေသောအိမ်နှင့် ဗုဒ္ဓသီတင်းသုံးသော ဇေတ၀န်ကျောင်း နီးနီးလေးပေမဲ့ သူ့အတွက်တော့ ကမ္ဘာခြားထား သလိုပါဘဲ.....

သံဃာတော်များကို ဆွမ်းတစ်ဇွန်း လောင်းလှူဖို့ အတွက် ၀က်သတ်ခြင်းထက် ခက်ခဲနေ၏။ စိတ်ဓာတ်များ ညစ်
နွမ်းလာ၍ အမြင်များ လည်းညစ်နွမ်းလာ၏။ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန် ပိုင်းခြားနိုင်စွမ်းမရှိ
သောအခါ ထူထဲတာကို ပါးပါးလေးမြင်၏။ အရှည်ကို အတိုဟု မြင်၏။ အဝေးကို အနီးဟု မြင်လာ၏။ အသိဉာဏ် ဖောက်ပြန်လာပြီဆိုလျှင် ဘ၀ပါ ဖောက်ပြန်လာတတ်၏။

သာဝတ္ထိမြို့မှာ သူဋ္ဌေးသမီးတစ်ယောက် ညအခါမှာ ဘုံ(၇)ဆင့် ပြဿာဒ်ထက်မှ ဆင်းသောအခါ တန်ဖိုးရှိသော နွားလားဥသဘတစ်ကောင်ကို ကျွန်မတစ်ယောက် သေသေချာချာ ပြုစုစောင့်ရှောက်နေသည်ကို တွေ့၏။ နွားလားဥသဘဆိုသည်မှာ နွားတကာထက် မြတ်သော အာဇာနည်နွား ဟု သူမအသိဉာဏ်ထဲ စွဲမြဲစွာ မှတ်သားထားလိုက်၏။ တစ်နေ့မှာ ဘုံ(၇)ဆင့် ပြဿာဒ်ထက်မှ ကြည့်နေစဉ် လမ်းမပေါ်မှာ ကျောကုန်းဘု ရှိသော ခါးကုန်းတစ်ယောက်ကို မြင်၏။

နွားတွေထဲမှာ နွားလားဥသဘသည် အခြားနွားများထက် ဗို့ကြီးတယ်။ ဒီလိုလည်း အခြားလူများထက် ဗို့ကြီးတော့ ယောက်ျား ဥသဘ၊ ယောက်ျားအာဇာနည်ဖြစ်လိမ့်မည် ဟု တွေးခေါ်ပြီးခါးကုန်းကြီးနှင့်လိုက်ပြေး၏။ သာဝတ္ထိ တစ်မြို့လုံး အံသြဘနန်း ဖြစ်သွားသော ဤအဖြစ်အပျက်သည် အသိ အမြင် လွဲမှားခြင်း၏ သာဓကတစ်ခုဖြစ်၏။

"နောင်လာနောင်ဈေး" ဟု အသိမကူ တစ်ယူသန် ဆုံးဖြတ်သော ကုန်သည်အတွက် အမြတ်ဆိုတာ ဝေလာဝေး
အရင်းရဖို့ပင် ခက်လှ၏။ ကံကောင်းထောက်မ လူ့ဘ၀ရလာသသများအတွက် ဒီဘ၀ဒီကိုယ်စံ နောင်ဘ၀ နောင်ကိုယ်ခံဟု ခံစားချက်အတွက် ဘ၀ကို စတေးရဲလျှင် အကျိုးဆက် တိုင်းတာသက်မှတ်စရာ မလိုတော့ပေ။ တန်ဖိုးရှိချင်လျှင် တန်ရာ တန်ရာ အဖိုးအခကို ပေးကြရစမြဲပင် မဟုတ်လား။

ယ္ခုဘ၀မှာ မကောင်းမှု မှန်သမျှနှင့် ၀န်းရံစ့ချင်လျှင် နောင်ဘ၀မှာ မကောင်းခြင်းများစွာ ၀န်းရံခံရပေါ့။ ကမ္မနိယာမ သဘော ဗီဇနိယာမသဘောအရ တမာပင်စိုက်ပြီး သရက်သီး သီးသည်ဟု ထုံးစံမှ မရှိဘဲလေ။ အထူအပါး နားမလည်သော ညစ်တေတေ နုတ်ဖျင်းသူများအတွက် မြင့်မြတ်သော နေရာသို့ ရောက်ရိုးလား ပြဿာဒ်ထက်မှကျီးကန်းငှက်သည် ဂဠုန်ဖြစ်ရ၏ဟု ထုံးစံမှ မရှိဘဲ.......................

ရတနာစီမောက်ဖြိုး
တောက်တိုးကျက်သရေ
မြင့်ဖြူးနေရာသို့
ဉာဏ်ပညာဂုဏ်ရောင်ကဲသူတို့
မြဲရောက်သင့်ပေ။
မျိုးမည်ရည်တိမ်မြုပ်တဲ့
သူနုတ်ကယ် ညစ်တေတေ
မနေနှင့် တင့်ရဲ
ပြဿာဒ်ကယ် ဘုံခွင်က
ကျီးညိုစင် တောင်ပံငှက်ကယ်တို့
ငှက်ဂဠုန် ဖြစ်ရတယ်လို့
ထုံးမှမရှိဘဲ။
စဉ့်ပါဆရာတော်

အထက်နှင့်အောက်၊ အမြင့်နှင့် အနိမ့်၊ သုခနှင့်ဒုက္ခများကို ပိုင်းခြားကန့်သတ်ထားသည့်အရာက ပညာပင်ဖြစ်၏။ အထူအပါး အနီးအဝေး အတို အရှည်ကို ခွဲခြားသိမြင်နိုင်စွမ်းသော ပညာ ခေါင်းဆောင်တင်ထားသူအတွက် လောကဓံ ဟူသည် စိတ်ဝင်စားစရာ ကဗျာ တစ်ပုဒ်ဖြစ်မည်။

မြတ်ဗုဒ္ဓသည် တုနှိုင်းမရသော ဉာဏ်ပညာကို ရှေ့သွားခေါင်းဆောင်ပြု(ဉာဏပုဗ္ဗင်္ဂမ) ဉာဏ်တော်သို့ အစဉ် လိုက်လျှက် (ဉာဏာနုပရိဝတ္တ) (၄၅)နှစ်ကာလပတ်လုံး ဆံချည်တစ်မျှဉ်မျှ ချွတ်ချော် တိမ်းပါးမှု မရှိသောဓမ္မ အစစ်များကို ဟောကြားတော်မူခဲ့၏။ ထိုဓမ္မများသည် အထူအပါး အရှည် အတို အနီးအဝေးကို ခွဲခြမ်း စိတ်ဖြာသိမြင်နိုင်သော ဉာဏ်အလလင်းရောင်များ ပြိုးပြိုးပျက်ပျက် ထွက်နေဆဲပင်။

ရည်ညွန်း။ ။ ဓမ္မပဒ၊ ဇာတကအဋ္ဌကထာ

ရှင်နိုဘယ်
ဓမ္မစေတီဖောင်းဒေးရှင်း

Wednesday, February 17, 2010

ဘ၀အတွက် တစ်နေ့တာ

သင်တို့ဟာ အသိပညာရရှိရေး အမှန်တရားကို သိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ်စင်ကြယ်တိုးတက်ရေး
အတွက် အားမထုတ်ကြဘဲ တစ်နေ့ပြီးတစ်နေ့ ပစ္စည်းဥစ္စာ တိုးတက်ရေး ဂုဏ်သိက္ခာမြင့်မားရေး
ထင်ပေါ်ကျော်စောရေးအတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော။


ဆောခရတ္တိ

Friday, February 12, 2010


စိတ်ကောင်းစွာလွတ် ပညာလွတ် မချွတ်ဂုဏ်ဆယ်ပါး

စိတ်ကလည်း ကိလေသာ အရှင်သခင်တွေရဲ့ လက်ထဲမှာ လွတ်မြောက်ရမယ်။ အဲဒီလွတ်မြောက်တာကို သိတဲ့
ဉာဏ်ပညာနဲ့လည်း ပြည့်စုံရမယ်တဲ့။ အရိယ၀ါသတရားနှစ်ပါးကတော့ တစ်ဆက်တည်း တွဲလျှက်ပါပဲ။

စိတ်က ကောင်းစွာ လွတ်မြောက်လျှင် အဲဒီလွတ်သွားတာကို ဆင်ခြင်ပြီးသိတဲ့ဉာဏ်ပညာကလည်း တပါတည်း
ဖြစ်ပေါ်တော့တာပါပဲ။ ဆောင်ပုဒ်က "စိတ်ကောင်းစွာလွတ် ပညာလွတ် မချွတ်ဂုဏ်ဆယ်ပါး" တဲ့။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး


Monday, February 8, 2010

ဘ၀မြစ်ထဲ မျောနစ်ချိန်

ဖြစ်ခြင်း ပျက်ခြင်းသာ အမည်တပ်ရတဲ့
ဆုံဆည်းခြင်း ဘ၀မြစ်ထဲမှာ
ချစ်ခြင်း မုန်းခြင်းမြစ်ရေယာဉ်များ
စက္ကန့်တိုင်းစီးဆင်း......................။

ဘ၀၀န်းကျင် စေ့ဆော်လှုပ်ခတ်မှုက
အဆင်ပြေခြင်း မပြေခြင်းလှိုင်းလုံးများ ဖြစ်လာ
(ချစ်တယ်ဟေ့)
(မုန်းတယ်ဟ)
သွေးရူး သွေးတန်း ဟစ်အော်လျှက်
အာရုံကမ်းစပ်ကို ပြင်းထန်စွာ ရိုက်ခတ်
တဒင်္ဂ လျှောကျ ငြိမ်သက်သယောင်
အဆက်မပြတ် ခရီးဆက်ဆဲ....................။

ဖြစ်သွားလိုက် ပျက်သွားလိုက်
ပျော်သွားလိုက် ပျောက်သွားလိုက်
ကမ်းနဲ့လှိုင်းဟာ ယမ်းနဲ့မှိုင်းလိုဘဲလေ............။

နေ့နဲ့ ည စင်းတီတုံးပေါ်မှာ
အချိန်ဓားနဲ့
ခန္ဓာငါးပါး ခပ်ပါးပါးလှီးဖြတ်သံ
ရင်ခုံသံနဲ့ ရောရတယ်လို့................။
ရှင်နိုဘယ်(ဓမ္မစေတီ ဖောင်ဒေးရှင်း)
၀၅.၀၂.၂၀၁၀ ၁၂:၀၀

ဖြစ်ရာဘ၀တွင် ဉာဏ်ပညာကြီးမားအောင်


လောဘ ဒေါသ မောဟ မာန ဣဿာ မစ္ဆရိယတရားများ ကိုယ့်သန္တာန်မှာ ဖြစ်သည့်အခါ မိမိအား မကောင်းကျိုး များကိုသာ ဖြစ်စေတတ်၍ မိတ်ဆွေမဟုတ် ရန်သူသာဖြစ်သည်။
ထို့ကြောင့် ကိုယ်တွင်းရန်သူဖြစ်သော လောဘ ဒေါသ စသည်တို့၏ အလိုသို့ မလိုက်မိစေရန် သတိကြီးစွာ ထားပါ။

သိသင့် သိထိုက် ရှောင်သင့် ရှောင်ထိုက် ကျင့်သင့် ကျင့်ထိုက်သော အရာတို့ကို မမေးမြန်းလျှင် ဉာဏ်ပညာ
နည်းပါးတတ်ပါသည်။
ထို့ကြောင့် ဖြစ်ရာဘ၀ ဉာဏ်ပညာကြီးမားအောင် သိသင့် သိထိုက် ရှောင်သင့် ရှောင်ထိုက် ကျင့်သင့် ကျင့်ထိုက်
သော အရာတို့ကို သိနိုင် ရှောင်နိုင် ကျင့်နိုင်အောင် မေးမြန်းပါ။

မန္တလေးမြို့၊ ပေါက်မြိုင်ဆရာတော်

Sunday, February 7, 2010

အချင်းချင်း ဒုက္ခမပေးနဲ့

အချင်းချင်း တစ်ယောက်ကို တစ်ယောက် မလှည့်စားပါနဲ့၊ မည်သည့်နေရာမှာမဆို တစ်ယောက်က အခြားသူတစ်ယောက်ကို မထေမဲ့မြင် မပြုပါနဲ့၊ ထိပါး စော်ကားခြင်းဖြင့်လည်းကောင်း အမျက်ဒေါသဖြင့်လည်းကောင်း အချင်းချင်းကို ဒုက္ခမပေးပါနဲ့။ ။

သုတ္တနိပါတ်၊ မေတ္တာသုတ်

ဒဂုဏ်ဦးထွန်းမြင့်
လာရောက်သူမိတ်ဆွေသူငယ်ချင်းများအားလုံး ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ