စိတ်ကောင်းရှိဖို့က ပထမ

Tuesday, December 22, 2009

သေနတ်ဆော့ကစားနေတဲ့ ကလေးက ကိုယ့်ကိုယ်ကို မှားယွင်းပစ်မိပြီး သေဆုံးသွားခြင်း


ဝါလမူလမှာနေတဲ့ ရှစ်နှစ်အရွယ်ရှိကလေးမလေးတစ်ယောက်က သူမရဲ့ဖခင် ဒေသသုံးအတွက် ထုတ်လုပ်တဲ့ သေနတ်ကို ဆော့ကစားရင်း ကိုယ့်ကိုကို မှားယွင်းပစ်မိပြီး ဒီနေ့(ဒီဇင်ဘာလ ၂၂ ရက်) နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ ကလေးမလေးက ၀ါလမူလ အခြေစိုက် ဆေးရုံကို တက်ရောက်လို့ပြီးမှာ သူမဒဏ်ရာနှင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။
ရဲထောက်လှမ်းရေး ဖြစ်တဲ့ ပြောဆိုခွင့်ရှိသူ SSP I.M Karunaratne က ကလေးမရဲ့ဖခင်ဟာ တောလိုက်တဲ့အခါမှာ သုံးဖို့ရည်ရွယ်ချက်နှင့် လက်ပွန်းတသီးရှိနေတဲ့လက်နက်ကိုကိုင်ဆောင်ခွင့် လိုင်စင်ရှိတယ်လို့ ပြောဆိုသွားပါတယ်။
ရဲတွေကတော့ စုံစမ်းစစ်ဆေးဖို့ လုပ်နေကြဆဲပါပဲ။
(သီရိလင်္ကာ)



ဒီမှာတိုက်ရိုက်ကြည့်နိုင်ပါတယ်


Monday, December 21, 2009

ကြေငြာမှု

သမ္မတ မဟိန္ဒက ဂုရုနေဂလမြို့မှာ ပညာရေးထောက်ပံ့သူတွေနှင့် စီးပွါးရေးသမားအဖွဲ့အစည်းတွေကို မိန့်ခွန်းပြောရင်း....... ဒီနိုင်ငံကို သူပုန်သောင်းကျန်းမှုကနေ လွတ်မြောက်ဖို့ ပြည်သူတွေကို ပေးထားတဲ့ ကတိကို သူဖြည့်ဆည်းနိုင်ခဲ့ပြီလို့ တနင်္ဂနွေနေ့မှာ ပြောကြားသွားပါတယ်။
နိုင်ငံတကာတွေရဲ့ဖိအားပေးမှုတွေကြေင့် နောက်ဆုတ်ရတဲ့အခါလည်း ရှိပါတယ် ။ အဲဒီတုံးက ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကလည်း အခွင့်အရေးတွေကို နားလည်ဖို့ ပျက်ကွက်ခဲ့တယ် ပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံမှုနှင့် ဗုံးဖောက်ခွဲမှု မှာ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေခဲ့တယ်။ အခုတော့ ကျွန်တော်တို့ နိုင်ငံဟာ သူပုန်အန္တရာယ်ကနေ လွှတ်မြောက်သွားပြီလို့ ပြောကြားသွားပါတယ်။
ဆက်လက်ဖတ်ရှုရန်


နိုင်ငံခြားက နိုင်ငံ့ခေါင်းဆောင်တွေ သူတို့ရဲ့ ကိုယ်စားလှယ်တွေကလည်း ကျွှန်တော်တို့နှင့် ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးနေတဲ့အချိန်မှာလည်း ကျွှန်တော်တို့ရဲ့ မစ်ရှင်တွေကိုလည်း ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။ အဲဒီအတောတွင်းမှာပါပဲ ကျွှန်တော်တို့ရဲ့နောက်ကွယ်မှာပဲ လေ့ကျင့်မှု အလုံးအရင်းတွေနှင့် ပြည့်ပြည့်စုံစုံ ဖြစ်ခဲ့ပါတယ်။

နာမည်မသိရတဲ့ ခေါင်းဆောင်တစ်ယောက်ကတော့ ဒီစစ်ပွဲ အတွင်းမှာ နိုင်ငံတော်ကို တိုးတက်အောင်မလုပ်နိုင်ခဲ့ဘူးလို့ ပြောသွားပါတယ်။ သူတို့က ပြောပါသေးတယ် ၊ အလုပ်တွေကိုလည်း တိုးတက်အောင်မလုပ်နိုင်ခဲ့ဘူး၊ နိုင်ငံတွင်းက တိုးတက်မည့်နည်းလမ်းတွေ မျိုးဆက်သစ်ပါဝါရဲ့ နေရာတွေမှာ တိုးတက်မည့် ပရောဂျက်ပေါင်းစုံကို စတင်ဆောင်ရွက်ရင်းနဲ့ ဒီနည်းလမ်းတွေအားလုံးကို ချိန်းခဲ့ရတယ် လို့ သမ္မတမဟိန္ဒက ပြောကြားခဲ့ပါတယ်။

Saturday, December 12, 2009

အောင်မြင်ခြင်းတံခါးကို ဖွင့်နိုင်ဖို့ အတ္တဝတ်ရုံကို အလျင် ချွတ်ပစ်နိုင်ရမယ်

ယနေ့ခေတ် လူငယ်တွေ ရုတ်တရက် လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရား တစ်ခု ရှိပါတယ်။ လောကကြီးမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ တန်ခိုး စွမ်းအား တစ်ခုဟာ လူတွေ ရဲ့ တရားမှု မတရားမှု အပေါ် ဘက်လိုက်မှု မရှိဘဲ အချိန် ကာလ တစ်ခု အောက်မှာ အရိပ်လို လိုက်လာပြီး ဆုပေး ဒဏ်ပေး စနစ်မျိုး နဲ့ စီရင် ပေးတတ်တဲ့ သဘော တရားကိုပါ။
ကျွန်တော် သိတဲ့ မိသားစု တစ်ခုရဲ့ သားကြီး ဖြစ်သူဟာ မိသားစု အားလုံး၊ အထူး သဖြင့် ဖခင်ကြီးက လုံးဝ သဘော မတူတဲ့ သူ့ကောင်မလေး ကိစ္စနဲ့ ပတ်သက်ပြီး ဖခင် ဖြစ်သူနဲ့ အခြေ အတင် စကား များရာက ဖခင် ဖြစ်သူကို မူးမူး နဲ့ လက်သီး နဲ့ ပိတ်ထိုး ခဲ့ပြီး သူ အလုပ်လုပ်တဲ့ စက်ရုံကို ထွက်သွား ပါတယ်။ တစ်နာရီ လောက်ပဲ ကြာပါတယ်။ လည် နေတဲ့ စက်ထဲ သူ့ညာဘက် အင်္ကျီလက်ရှည် အစဟာ စက်ထဲ ငြိပါ သွားတာ၊ သူ့လက်ကိုပါ ဆောင့်ဆွဲ သလို ဖြစ်ပြီး လက်မောင်းရင်း ကနေ သူ့လက် တစ်ခုလုံး ပြုတ်ပါ သွားတယ်။ ဒီနေ့ထိ သူ့ကို လက် တစ်ဖက်ပြတ်(ဒေးဗစ်ချန်း) ဆိုပြီး အများက ခေါ်ကြတာ တွေ့ရ ပါတယ်။
ဆက်လက်ဖတ်ရှုရန်


တခြား လူငယ် တစ်ယောက် ကျတော့ လစာနည်း သာမန် ဝန်ထမ်း လူငယ် တစ်ယောက်ပါ။ ငယ်စဉ် ကတည်းက စပြီး ခုချိန် အထိ ညအိပ်ရာ မဝင်ခင် မိဘ နှစ်ပါးကို ရိုရို သေသေ ဦးချ ကန်တော့ ပြီးမှ အိပ်ရာ ဝင်တတ်သူ၊ မိဘကို အလွန် ချစ်ခင် ယုယသူ၊ မိသားစု ကို တွယ်တာသူ ဖြစ်ပါတယ်။ ရွှေတစ်ကျပ်သား ငါးသောင်းပဲ ရှိချိန်၊ အောင်ဘာလေ ထီအမြင့်ဆုံး သိန်း ၃၀ဝ ပဲ ပေး ချိန်မှာ အမြင့်ဆုံး သိန်း ၃၀ဝ ဆု ဆွတ်ခူးပြီး အပိုဆု ကား နှစ်စီးပါ ရသွားတဲ့ လူငယ် ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေ ဟာ သာမန်အားဖြင့် လက်ခံဖို့ ခက်ခဲတဲ့ ပုံပြင် ဆန်ပေမဲ့ အမှန် တကယ် ဖြစ်ပွား ခဲ့တဲ့ သစ္စာတရား ဖြစ်နေလို့ တင်ပြ ရတာ ဖြစ်ပါတယ်။ ဒီဟာတွေကို သဘာဝ တရား ရဲ့စီရင်မှု မဟုတ်ဘူးလို့ ငြင်းရင် ရပါ့ မလား။
ရုပ်ဝတ္ထု အလွန်ကို တိုးတက်တဲ့ ဒီခေတ်မှာ Seeing is Believing လို့ လူငယ်တွေ ခံယူကြတာ ကို အပြစ် မဆိုသာ ပါဘူး။ ဒါပေမဲ့ မိမိတို့ ရယူ ပိုင်ဆိုင်မှု မရှိသေးပေမဲ့ တစ်ချိန်မှာ မုချ ဖြစ်လာ ရမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ မက်လာတဲ့ အိပ်မက်၊ ကြိုးပမ်းအားထုတ် မှုတွေဟာ အချိန်ကာလ တစ်ခုအောက် ရောက်တဲ့ အခါ တကယ်ပဲ ရယူ ပိုင်ဆိုင် လာတာ မျိုးကိုတော့ Believing is Seeing မဟုတ်ဘူးလို့ ပြောလို့ ရပါ့ မလား။ ကိုယ်တွေ့ ကြုံရမှ ယုံတာထက် ယုံကြည်မှု ကြောင့် မယုံကြည်နိုင် စရာ ဖြစ်ပွား လာရ တာဟာ လောကရဲ့ အလှ တရား တစ်ခုပါ။
ဂြိုဟ်ကမ္ဘာတွေအကြောင်း သိလာရတာ၊ လကမ္ဘာပေါ် ခြေချလာ နိုင်တာ၊ နက်ရှိုင်းလှတဲ့ သမုဒ္ဒရာ ကြမ်းပြင် အထိ ဆင်းသက် နိုင်လာကြ တာ၊ မိုးထိ မြင့်မားတဲ့ အဆောက်အဦကြီးတွေ ဆောက်လုပ် လာနိုင်ကြ တာဟာ မဖြစ်သေးခင် ကြိုတင် မက်ဆိုတဲ့ ယုံကြည်မှုကြောင့် ကြိုးပမ်းမှု ရဲ့ အသီးအပွင့်တွေ ဆိုတာ သိသာ ပါတယ်။ ဒီအရာ အားလုံးဟာ မေတ္တာတရား ဆိုတဲ့ တည်ဆောက်လိုမှု ကို လုံးဝ အခြေခံ ထားတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်၊ ယုံကြည်ချက်၊ လုံ့လထုတ်မှု ကြေင့် ရလာတဲ့ အသီးအပွင့်တွေ ကို တခြားသူတွေ ကိုပါ မျှဝေ ခံစားခွင့် ရစေတဲ့ ပီတိဟာ အလွန် ချိုမြိန် ပါတယ်။ မေတ္တာ ရဲ့ သဘော ဖြစ်ပါတယ်။
ငယ်ဘဝ မှာ အရာရာ ချို့တဲ့ နွမ်းပါး ခဲ့တဲ့ လူရွယ် တစ်ယောက်ဟာ ယခု အသက် ၄၀ ဝန်းကျင်မှာ လုပ်ငန်းရှင် တစ်ယောက် အဖြစ် နဲ့ အောင်မြင် နေပါပြီ။ သူဟာ သူ့အလုပ်ရုံးခန်း၊ သူ့အိမ် နံရံတွေမှာ သူကိုယ်တိုင် မမေ့ မလျော့ အမြဲ လိုက်နာ နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ပုဒ် တစ်ခုကို အလွယ် တကူ မြင်နိုင်အောင် ထင်ရှားတဲ့ စာလုံးတွေနဲ့ ရေးပြီး ကပ်ထားတာ တွေ့ရပါတယ်။ lack of love lack of money
ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။

မေတ္တာ တရား ချို့တဲ့ရင် ငွေကြေးချို့တဲ့ တယ် လို့ ဆိုလိုတာ ဖြစ်ပါ တယ်။ ပင်ကိုစိတ်ဆတ်ပြီး ဒေါသကြီး တတ်တဲ့ သူ့ငယ်ဘဝ ဟာ တိုက်ဆိုင်စွာပဲ ဘဝပါ ကြမ်းခဲ့ ပါတယ်တဲ့။ တစ်စစ ပြုပြင် ပြောင်းလဲ ယူပြီး မေတ္တာ တရား၊ သည်းခံ ခွင့်လွှတ် မှု၊ စိတ်ရှည်ခြင်းတွေ ကို တည်ဆောက် နိုင်ခဲ့ ပြီးမှ ဒီလို အောင်မြင်မှုတွေ သူ့ဆီ ရောက်လာခဲ့တာ ဖြစ်တယ် လို့ အခိုင်အမာ ဆိုပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းမှာ Constructive Mind ဆိုတဲ့ အပြုစိတ်နဲ့ Destructive Mind ဆိုတဲ့ အဖျက်စိတ် အနည်းနဲ့ အများ ရှိပါတယ်။

အပြုစိတ် များသူ၊ အဖျက်စိတ် များသူ အနေနဲ့တော့ ကွာခြားမှု ရှိပါတယ်။ Suicied Bomber တွေ ဟာ အဖျက်စိတ်ကြီးမားသူတွေလို့ ယူဆနိုင်ပါ တယ်။ သူတစ်ပါးကို ဖျက်ဆီးဖို့ ကြိုးစားရင်း ကိုယ်ကိုယ်တိုင် ပျက်စီး ခဲ့ရသူတွေပေါ့။ အပြုစိတ်တွေ ဟာ မေတ္တာတရား ကို အခြေခံ ပါတယ်။ ဒါကြောင့် အောင်မြင်မှု အမှန်တကယ် ပိုင်ဆိုင်ချင်သူဟာ အပြုစိတ်ဖြစ်တဲ့ မေတ္တာတရား ကို အရင်ဦးဆုံး မဖြစ် မနေ တည်ဆောက် ယူဖို့ လိုအပ် ပါတယ်။ မေတ္တာတရား ဟာ အလိုလို ဘာသာ တရားပေါ် အခြေခံပြီး တည်ဆောက် ရတာ ဖြစ်လို့ ဒီအရာတွေ ဟာ လူတွေကို အောင်မြင် စေတဲ့ လမ်းကြောင်းပေါ် တွန်းပို့ ပေးနိုင်တဲ့ မောင်းနှင် အားအဖြစ် ခံယူ ရမှာ ဖြစ်ပါတယ်။
ဘယ်နယ်ပယ် မှာပဲ ဖြစ်ဖြစ် အောင်မြင်အောင် အရင် အားထုတ် ရပါမယ်။ အောင်မြင်မှု ရရှိတာနဲ့ အမျှ ငွေကြေးဟာ နောက်ကကပ်ပြီး ပါလာမှာ ဖြစ်ပါတယ်။ တချို့က အောင်မြင်မှုနဲ့ ငွေကြေး ဆက်စပ်မှု မရှိဘူး။ ငွေ တစ်ခုတည်း ကိုပဲ ဇောင်းပေး တာဟာ အောင်မြင်မှုကို တန်ဖိုးကျ စေတယ် ဆိုတဲ့ အယူ အဆမျိုး ရှိပါတယ်။ ဒါဟာ သဘော တရား သက်သက် ဖြစ်တယ်လို့ ထင်ပါတယ်။ လက်တွေ့ ဘဝမှာ လူတွေ ရဲ့ အတွင်းစိတ် ထဲက မှန်ကန်တဲ့ ဖြစ်တည်မှု နဲ့ ကိုက်ညီမှု သိပ်မရှိလှ ပါဘူး။
ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ အားကစား၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ် တိုင်းမှာ အရင် ဦးဆုံး အောင်မြင်အောင် ကြိုးစား ကြရမှာပါ။ အောင်မြင်ပြီ ဆိုတာနဲ့ လုံလောက် ထိုက်တန်တဲ့ ဓန ငွေကြေးတွေ ဟာ အောင်မြင်သူ ထံ မလွဲမသွေ ရောက်လာ ရတာ ဖြစ်ပါတယ်။ ငွေမရှိဘဲ ကျွန်ုပ်တို့ ဘာမှ ရှေ့ဆက်လို့ မရပါဘူး။ အောင်မြင်အောင် အရင် မလုပ်နိုင်ဘဲ နဲ့ လည်း ငွေရအောင် ဘယ်လိုမှ လုပ်လို့ မရပါဘူး။ မိသားစု အရေး၊ လူမှုရေး၊ အများအကျိုး သယ်ပိုး ကူညီ နိုင်ဖို့ တကယ်ပဲ ငွေဟာ လိုအပ်တဲ့ ပစ္စည်း တစ်ခုပါ။ ငွေနောက်ချည်း ပဲ လိုက်နိုင်ဖို့ ဆိုရင် ဦးဆုံး အောင်မြင်မှု တစ်ခုရအောင် လုပ်ကို လုပ်ကြရပါမယ်။ ဒါမှလည်း ငွေက လိုက်လာ မှာကိုး။
ရရှိလာတဲ့ ငွေကြေးတွေကို ကောင်းစွာ စီမံ ခန့်ခွဲ သုံးစွဲ တတ်ဖို့၊ ရရှိထားတဲ့ ငွေပေါ် အခြေခံပြီး သူများ တကာကို အဆိပ် မဖြစ်စေဖို့၊ မိမိ ခံစား ရတဲ့ အသီးအပွင့်တွေ ကို အမှန် တကယ် လိုအပ် နေသူ တွေကိုလည်း မျှဝေ ခံစား စေနိုင်ရင် ငွေဟာ လူတွေ အတွက် မရှိ မဖြစ် လိုအပ်တဲ့ မိတ်ဆွေကောင်း လို့ ခံယူ နိုင်ပါတယ်။
ဒါဆိုရင် အောင်မြင်အောင် ဘယ်လို လုပ်ဆောင် နိုင်ကြမလဲ။ ဒေါသနဲ့ အမုန်းတရား၊ အတ္တ နဲ့ မာန်မာန တွေဟာ အဆိပ်ပြင်း တဲ့ မြွေဆိုးနဲ့ တူပါတယ်။ လူ အများ ရဲ့ ရွံရှာ မုန်းတီးမှု၊ ရှောင်ရှားမှုတွေ ကို ဖြစ်စေတဲ့ အရာတွေပါ။ အောင်မြင်လိုသူ ဟာ လူတွေ နဲ့ နီးကပ်စွာ ပေါင်းသင်း ဆက်ဆံ နိုင်ဖို့ အထူး လိုအပ် ပါတယ်။ ဘယ်လောက် တော်တဲ့ ချွန်တဲ့သူ ဖြစ်နေပါ စေ၊ ဒေါသကြီးပြီး မာန်မာန ထောင်လွှားသူ၊ အတ္တ ကြီးသူ ဆိုရင် လူတွေက မဆက်ဆံချင် ပါဘူး။ သူ့ နေရာမှာ flexiable ပိုဖြစ်ပြီး မာန်မာနကင်း၊ မေတ္တာ တရား လက်ကိုင် ထားတဲ့ ထူးချွန်သူ တစ်ယောက်ကို အစားထိုး ကြမှာ ဖြစ်ပါတယ်။ အတ္တမာနကြီးသူ ကို ကိုယ့်အနား ဘယ်သူ ခေါ်ထားချင် ပါ့မလဲ။
ဒါကြောင့် တချို့လူတော်တွေ ဟာ အောင်မြင်သင့် သလောက် မအောင်မြင် ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တော်တဲ့သူ အများစုဟာ ဂုဏ်ရည်မြင့်သူတွေ ဖြစ်လို့ မိမိ ရဲ့အတ္တ မာနကို ချုပ်တည်းထား နိုင်ပြီး မြင့်မားတဲ့ဘဝကို ရည်မှန်းချက်ကြီးကြီး နဲ့ တက်လှမ်းသွား တတ်ကြပါတယ်။ တော်သူချင်း တူရင် မေတ္တာတရားပိုပြည့်ဝတဲ့သူဟာ ပိုပြီး မြင့်မား သွားမှာ သေချာပါတယ်။ မေတ္တာတရား ဟာ အလွန် အားကောင်းတဲ့ သံလိုက်တုံးကြီးနဲ့ တူပါတယ်။ အဝေးက သံတိုသံစ တွေကိုတောင် ဆွဲယူ စုစည်းနိုင် သလို မျိုးပေါ့။
အလွန်ကို ထင်ရှား ကျော်ကြား ခဲ့သူ၊ ပျံလွန်တော်မူ သွားပြီ ဖြစ်တဲ့ သာမညတောင် ဆရာတော်ဟာ ဝေးလံတဲ့ တောင်ပေါ် တက်ပြီး ဧကစာရီ တရား ကျင့်ကြံ အားထုတ်ကာ သတ္တဝါ အများကို အမြဲ ဖြန့်ကျက် ပွားများသူ ဖြစ်ပါတယ်။ အရပ်လေး မျက်နှာက လူပေါင်းများစွာ ဟာ ဆရာတော် လိုအပ် မယ်လို့ ယူဆ တဲ့ ဝတ္ထု ပစ္စည်းတွေ၊ အလှူစာတွေ များစွာ ကို မိမိတို့ ဆန္ဒ နဲ့ ဆရာတော်ဆီ အရောက် ယူဆောင် လှူဒါန်း ပံ့ပိုး ပေးခဲ့ ကြတယ်။ ဒါဟာ အလွန် အစွမ်း ထက်တဲ့ မေတ္တာရဲ့ စွမ်းအားကြောင့် ပါပဲ။
ကမ္ဘာကျော် ကက်သလစ် မယ်သီလရှင် မာသာထရီ ဇာဟာ ဆင်းရဲ ချို့တဲ့ မိဘမဲ့သူတွေ ကို သူမရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ကယ်တင်ဖို့ မဖြစ်မနေ ကြိုးပမ်း အားထုတ်တဲ့ အခါ တစ်ကမ္ဘာလုံး က စေတနာရှင်တွေ ဟာ မနေသာတော့ ဘဲ လိုအပ် သမျှ ငွေကြေး၊ စားစရာ၊ ဝတ်စရာ မျိုးစုံကို အဆက် မပြတ် ပေးပို့ ကူညီ လာကြ ရတယ်။ အများ အကျိုး ဆောင်တဲ့ နေရာမှာ ပြန်ပြီး ရယူ လိုမှု ကင်းလေ သဘာဝ တရားကြီး က အဲဒီ အတ္တကင်း တဲ့ ပုဂ္ဂိုလ်မျိုး ကိုမှ ရွေးချယ် အသိ အမှတ် ပြုလာ တတ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး အတွက် အောင်မြင်မှု တံခါးကို လည်း သီးသန့် ဖွင့်လှစ်ပေး လာတတ် ပါတယ်။

အောင်မြင်မှု ကို မိမိ ဘာသာ လုပ်ယူလို့ မရ ပါဘူး။ လုပ်ယူလို့ ရရင် ဒီကမ္ဘာပေါ် မှာ ကျဆုံး နေသူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်တာ သေချာပါ တယ်။ ဒါကြောင့်လည်း လက်တွေ့ ဘဝမှာ အောင်မြင်မှု အပြည့်အဝ ရနေသူ နည်းပါး နေတာ ဖြစ်ပါတယ်။ ဒေါသ၊ အတ္တ၊ မာန်မာနတွေ ဟာ ကြမ်းကြုတ် ရက်စက်မှု ဆန်လို့ အမြန်ဆုံး ပြိုလဲ ပျက်စီးသွား စေနိုင်တဲ့ နတ်ဆိုးတွေ လို့ ယူဆ နိုင်ပါတယ်။ ကမ္ဘာ့ရုပ်ရှင် ပရိသတ်များ ရဲ့ အသည်းစွဲ ကွန်ဖူး သူရဲကောင်း ဘရုစ္စလီ ဟာ ဇာတ်လမ်း အရ သရုပ်ဆောင်ရတာ ဖြစ်ပေမဲ့ ပြိုင်ဘက်ကို တိုက် ခိုက်ရာမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ပုံစံနဲ့ တင်ပြတတ်သူ ဖြစ်ပါ တယ်။ အလွန်တော်ပေမဲ့ သက်ဆိုးမရှည်ခဲ့ပါဘူး။ လောကကြီးက ခွင့်မပြုတဲ့သဘော သက်ရောက်ပါတယ်။
သူ့လိုပဲ ကမ္ဘာကျော် ကွန်ဖူး ဘုရင်တွေ ဖြစ်ကြတဲ့ ဂျက်ကီချန်း နဲ့ ဂျက်လီ ကျတော့ အသတ် အပုတ် ပညာကို ရယ်မော ပျော်ရွှင်စရာ အဖြစ် နဲ့ပါ တွဲဖက် တင်ဆက်လေ့ ရှိကြ ပါတယ်။ ဒီနေ့ အထိ သက်ရှည် ကျန်းမာ အောင်မြင် နေဆဲ ဆိုတာ သတိပြု ဆင်ခြင် စရာပါ။ မြန်မာ နိုင်ငံ မှာလည်း ခေတ်ပေါ် ဂီတ နယ်ပယ်မှာ နှစ်ပေါင်း များစွာ အလွန် အောင်မြင်စွာ ရပ်တည်နိုင် ကြတဲ့ ကြယ်ပွင့်တွေ ထဲက နှစ်ယောက် ကို လူငယ်တွေ သတိမူ အတုယူ နိုင်ဖို့ သူတို့ ရဲ့ စိတ်ထား လုပ်ဆောင်မှု ကို တင်ပြ လိုပါတယ်။ ကိုဇော်ဝင်းထွဋ် နဲ့ ကိုလေးဖြူတို့ ပါ။
ကိုဇော်ဝင်းထွဋ်ဟာ ရွက်ပုန်းသီး လူငယ်တွေ ဖြစ်တဲ့ ရင်ဂို၊ ရဲသွင်၊ စည်သူလွင် တို့ကို ပြိုင်ဘက် ဖြစ်လာမယ့် သူတွေလို့ သဘော မထားဘဲ ကိုယ်တိုင် စင်ပေါ် လက်တွဲ ခေါ်တင် အောင်မြင်စေသူပါ။ ရဲသွင် ဆိုရင် ဇော်ဝင်းထွဋ် နဲ့ အသံချင်း တူပါတယ်။ ဒါတောင် ရဲသွင်ရဲ့ ပထမဆုံး စီးရီး ဖြစ်တဲ့ နှင်းဆီလှိုင်း ကို ပရိသတ် နားထောင် ပေးကြပါ၊ ကောင်းတယ်လို့ မှတ်ချက်ပေး ခဲ့ကြ တာကြောင့် တစ်နိုင်ငံလုံး ရဲသွင်ကို ချက်ချင်း လက်ခံ အောင်မြင်မှု ရခဲ့တယ်။ အဆိုတော် အားလုံး အောင်မြင် ကျော်ကြား သွားကြ ပေမဲ့ ဇော်ဝင်းထွဋ် ကို သူ့ဂီတ ညီငယ်တွေ မကျော်လွှား နိုင်ကြ ပါဘူး။ ဒီနေ့ထိ ဇော်ဝင်းထွဋ် ဟာ သူ့နယ်ပယ် မှာ Emperor တစ်ပါး ဖြစ်ဆဲပါ။
ကိုလေးဖြူ လည်း ဒီအတိုင်းပဲ။ သူ့ညီ အရင်း အငဲကို ဂီတ လောက ထဲ ဆွဲခေါ် ခဲ့တယ်။ ဆွေမျိုး မတော်တဲ့ မျိုးကြီး၊ ဖြူဖြူကျော်သိန်း တို့ကို သူတို့ရဲ့ အရည်အသွေးရှိမှု ကို အသိအမှတ် ပြုပြီး မြေတောင်မြှောက် စင်ပေါ် ရောက်စေ ခဲ့တယ်။ အလွန် အောင်မြင် ကျော်ကြား ကုန်ကြတယ်။ ဒါပေမဲ့ လေးဖြူဟာ ပရိသတ်တွေ ရဲ့ အသည်းစွဲ ဘဝမှာ ပြိုင်ဘက်ကင်း စွာ ရပ်တည် နေဆဲ ဆိုတာ သူတို့ရဲ့ အပြု သဘောဆောင် တဲ့ စိတ်ဓာတ် နဲ့ လုပ်ဆောင်မှုကြောင့် သဘာဝတရား က သူတို့ကို ဆက်လက် အောင်မြင် ခွင့် ပေးထားတာ ဖြစ်ပါတယ်။
တချို့လူတွေဟာ ပြိုင်ဘက် လို့ ယူဆတာ နဲ့ ပိတ်ဆို့၊ ဟန့်တား၊ ပညာပြ၊ တွန်းထုတ်ဖို့ ချည်း အလုပ် တစ်ခုလို သဘောထား အားထုတ် တတ်သူတွေ ရှိပါတယ်။ ဒီဂီတကြယ်ပွင့် နှစ်ပွင့် ကတော့ ဒီအယူအဆ ကို ငြင်းပယ်ပြီး မေတ္တာတရား နဲ့ တစ်ဖက်သားကို လည်း အောင်မြင် စေလိုတဲ့ စိတ်ဓာတ် အရင်းခံ ရှိသူတွေ ဖြစ်လို့ ဒီစိတ်ဓာတ်ကို လူငယ်တွေ အတုယူပြီး လိုက်နာရင် အကျိုးရှိ ဖို့ပဲ များပါတယ်။
သူတစ်ပါး ရဲ့ ကောင်းတဲ့ အရည်အချင်းကို အသိအမှတ် မပြုတဲ့ အပြင် ဟန့်တား၊ ပိတ်ဆို့၊ ပညာပြတတ်သူဟာ တစ်ချိန်ချိန်၊ တစ်နေရာ ရာမှာ ကိုယ်တိုင်လည်း ပိတ်ပင် ဟန့်တား ပညာ ပြတာ ပြန်ခံ ရမှာတော့ အလွန် သေချာတဲ့ ကိစ္စပါ။ ဒီထက်ပိုပြီး သဘာဝတရားကြီးရဲ့ ငြိုငြင်မှု ကို ရရှိ ထားသူ ဖြစ်သွားလို့ အောင်မြင်နိုင်မယ့် အရာတွေ ဟာ ကိုယ် နဲ့ ဝေး သထက် ဝေးသွား တော့မှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူဟာ မိမိ အားနည်းချက်ကို အမြန်ဆုံး ပြုပြင်တယ်။
မအောင်မြင်တဲ့ သူကျတော့ အားနည်းချက်မှန်း သိလျက်နဲ့ ဆက်လက် ဆုပ်ကိုင် ထားတယ် ဆိုတဲ့ စကားကို အမြဲ သတိ နဲ့ လိုက်နာသင့် တယ်လို့ အကြံပြု ချင်ပါတယ်။ ဒေါသကြီးသူ ဆိုရင် ဒေါသ၊ အတ္တကြီးသူ၊ သူ တစ်ပါး ကို မနာလို မရှုစိမ့် ဖြစ်တတ်သူ စသည် တို့ဟာ မိမိ ကိုယ်တိုင် ဖြစ်နေမယ် ဆိုရင် အမြန်ဆုံး ပြုပြင် ကြရမှာ ဖြစ်ပါတယ်။ လောကကြီး ရဲ့ မျက်နှာသာ ပေးမှု မခံရဘဲ အမုန်းခံ ရသူတွေ ဟာ ဒီလောက မြေပြင် ပေါ်မှာ တစ်နည်းနည်း နဲ့ ကျဆုံး သွားဖို့ အလွန် လွယ်ကူ လွန်းလို့ပါ။ လောကအိမ်မှာနေကြရတဲ့လူသားတွေဟာ အိမ်ရှင် ဖြစ်တဲ့ လောကကြီးရဲ့ ချစ်ခင် စောင့်ရှောက်မှု ကို မရှိမဖြစ် လိုအပ် ပါတယ်။ လောကကြီး က မေတ္တာတရား နဲ့ မှန်ကန်သူဘက် ကိုသာ ရပ်တည် ပေးတတ် လို့ပါ။
Pride Goes Before Afall ဆိုတဲ့ စကား ဟာ အတိအကျ မှန်ကန် ပါတယ်။ မာန ဦးချို မြောက် လာရင် လောကကြီး က ဦးအောင် ချိုးပစ်လေ့ ရှိပါ တယ်။ မေတ္တာ ထားတာ၊ သည်းခံ ခွင့်လွှတ်တာ၊ အလျှော့ပေး လိုက်လျောတာတွေ ဟာ အရှုံး ပေးတာ၊ ပျော့ညံ့တာ မဟုတ်ဘဲ ရင့်ကျက်တာ၊ မိမိ နဲ့ ပတ်ဝန်း ကျင်ကို တည်ဆောက် ခြင်းသာ ဖြစ်ပြီး လောကကြီး ရဲ့ သဘောကျမှု ကို ရရှိ သွားသူ ဖြစ်ပါတယ်။
လူငယ် ဆိုတာ စိတ်မြန်တယ်၊ မဟုတ် မခံလို ခံယူတတ် ကြပါတယ်။ ဒါပေမဲ့ ဒေါသထွက် နေချိန် မှာ ဘာကိုမှ ကိုယ်ထိ လက်ရောက် ပြန်မလုပ် မိဖို့ အထူး ထိန်းချုပ် ကြရပါမယ်။ ဒေါသဟာ လူတိုင်းမှာ ရှိပါတယ်။ တဒင်္ဂ ဖြစ်ပေါ် လာတဲ့ ဒေါသကြောင့် ကျူးလွန်လိုက် မိတဲ့ အမှား တစ်ခုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဟာ ဘယ်လိုမှ မကောင်းနိုင်ပါ ဘူး။ ရက်ပေါင်း များစွာ၊ လပေါင်း များစွာ နစ်နာ ဆုံးရှုံးမှု၊ နာကျင် ခါးသီးမှု၊ နောင်တတွေ ကိုပဲ ရရှိ ခံစား စေမှာ ဖြစ်ပါတယ်။
သည်းခံ ချုပ်တည်းပြီး မေတ္တာ နဲ့ ခွင့်လွှတ် တတ်သူတွေဟာ မိမိတို့ ပြန်မရ နိုင်တော့ဘူးလို့ ထင်ထားတဲ့ အောင်မြင်မှုတွေကို တောင် ဆုလဒ် အဖြစ် ချိုမြိန်စွာ ပြန်ပြီး ရရှိ ခံစားရ တတ်ပါတယ်။ အတ္တ ကင်းပြီး အများ အကျိုးကို လိုလား ကူညီ ချင်တဲ့ မေတ္တာ စေတနာ အရင်းခံ ရှိသူ ကိုသာ သဘာဝ တရားကြီးက လက်ဆောင် တစ်ခု အရောက် ပို့ပေး တတ်သတဲ့။ အဲဒီ လက်ဆောင်က ကံကောင်းခြင်း လက်ဆောင် ဖြစ်တယ်လို ဆိုပါတယ်။
မေတ္တာ တရားနဲ့ ကံကောင်းခြင်း ဟာ ဒင်္ဂါး တစ်ပြားလို ခွဲခြား ထားလို့ မရတဲ့ အရာပါ။ အကောင်းဆုံးဆု လဒ်ရသွားသူဟာ အကောင်း ဆုံး ကြိုးပမ်း လုပ်ဆောင် ထားသူပဲ ဖြစ်မှာပါ။ အနာဂတ်ရှိ နေသေးတဲ့ လူငယ်တွေ ဘဝမှာ တောက်ပ လင်းလက်တဲ့ အောင်မြင်မှု ကို အမှန် တကယ် ပိုင်ဆိုင် ရယူချင်တယ် ဆိုရင်...။ အရင်ဦးဆုံး လောက ဓမ္မနဲ့ ဆန့်ကျင်တဲ့ အတ္တ ဝတ်ရုံကို ချွတ်ပစ် နိုင်ရ ပါမယ်။ ငါ တစ်ယောက် တည်း အောင်မြင်မှု ကို ခံစားရမယ် ဆိုတဲ့ သေးသိမ် ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်ကို ရှင်းထုတ်ပစ် ရပါ မယ်။ ဒါဆိုရင် အလင်းရောင် စပါပြီ။ နောက်ဆက်တွဲ အနေနဲ့ မေတ္တာ၊ စေတနာကို တည်ဆောက် ကြပါ။ အောင်မြင်မှု ဆိုတဲ့ ချိုမြိန်တဲ့ အသီး အပွင့် မှန်သမျှ ဟာ စေတနာ ဝေဖြာပြီး အေးမြတဲ့ မေတ္တာ မြေပေါ်မှာသာ သီးပွင့်ဝေဆာ ရတာ ဖြစ်လို့...။
မေတ္တာ တရား များပြားလေ အောင်မြင်မှု အခွင့်အလမ်း များပြားလေ.................
မေတ္တာတရား ခေါင်းပါးလေ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါး ချို့တဲ့လေ.................
Lack of Love , Lack of Money
အမ်ဒိန်းဂျာ
(အောင်သပြေ)

Thursday, December 10, 2009

လက်ရှိ အခြေအနေကို စဉ်းစားသင့်ကြောင်း.....

ဆက်လက်လုပ်ဆောင်မည့် GPS ရဲ့ အနာဂတ်စီမံကိန်း ကို မသတ်မှတ် မဆုံးဖြတ်ခင် သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံတွင်းအခြေ အနေကို ဥရောပ အုပ်စုက ထည့်စဉ်းစားသင့်ကြောင်း သီရိလင်္ကာက ပြောကြားလိုက်ပါသည်။ ဒီနေ့ ဒီဇင်ဘာ(၁၀) ရက် နေ့ ညနေမှာ ဒီအကြောင်းအရာကို ပြောနေရင်း ..... လူအခွင့်အရေးဝန်ကြီးဌာနာက မဟိန္ဒ သမာရသင်ဂ်ီက လူ့အခွင့်အရေးကို ကာကွယ်ထောက်ပံ့ရေးနှင့်တိုးတက်စေရေးအတွက် နိုင်ငံတကာ လုပ်ဆောင်မှု အစီအစဉ်ကို မကြာခင်မှာထုတ်ပြန်ခွင့်ပြုသင့်သလို နိုင်ငံတွင်းက လူ့အခွင့်အရေး အဆင့်အတန်းတွေလည်း တိုးတက်လာလိမ့်မယ်လို့ ပြောကြားလိုက်ပါသည်။
စစ်ပွဲကလည်း ပြိးကာစလည်းဖြစ်တော့ ရှေ့ဆက်ပြီး အလုပ်လုပ်ချင်ပေမယ့် လမ်းဆုံးနေတော့ တခြားနိုင်ငံတွေမှာလည်း နိုင်ငံတွင်းမှာ လူ့အခွင့်အရေးကို ခွင့်ပြုနေတယ်ဆိုတဲ့အချက်ကိုတော့ ဥရောပက ထည့်စဉ်းစားသင့်ကြောင်း ၀န်ကြီးက ပြောဆိုသွားပါသည်။...........

  • http://www.dailymirror.lk
  • Wednesday, November 11, 2009

    ကမ္ဘာကြီးမပျက်ခင်တစ်လအလို..




    ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ ဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်ထားသော မာယာပြက္ခဒိန်နှင့် ( video)

    ဘုန်းဘုန်းဘုရား.. ကမ္ဘာမပျက်ခင် တစ်လအလို ဒါမှမဟုတ် သေခြင်းတရားကို ရင်ဆိုင်ရန် တစ်လအလိုမှာ ဘုန်းဘုန်းအနေနဲ့ ပြုမူဆောင်ရွက်မယ့် အပြုအမူ တွေကို အဆုံးအမအနေနဲ့ ဖတ်ရှု နာယူလိုတာမို့ မေးခွန်း ၁၁-ခုနဲ့ Tag လိုက်ရခြင်းပါ ဘုရား.. မေတ္တာရှေ့ထား ရေးသား ဖြေကြားပေးဖို့ ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဘုရား ...

    (၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ..
    (၂) ဘာတွေခံစားနေရမလဲ..
    (၃) ဘာတွေပြင်ဆင်ထားမလဲ
    (၄) ၀မ်းနည်းမိမှာက...
    (၅) ကြောက်လန့်မိတာက..
    (၆) ဆောင်ထားချင်တာ..
    (၇) ဘာတွေရေးမိမလဲ..
    (ဂ) တွေးမိတွေးရာ အတွေး..
    (၉) ဂုဏ်ယူချင်တာက
    (၁၀) ရှာကြံဖြေသိမ့်မိတာက
    (၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း

    ဒီမေးခွန်းကိုမေးလာသော မေးခွန်းပိုင်ရှင်သည် Every Action of Body, Speak and Mind စာအုပ်ထဲမှာ အကြောင်းအရာ မေးခွန်းတွေ နှင့် ဆင်တူနေပါသည်။
    ဆက်လက်ဖတ်ရှုရန်


    စာရေးသူထံကို ပို့ထားတာကြာ ပြီးဖြစ်သောလည်း စာမေးပွဲဖြေနေ သောအချိန်နှင့် တိုက်နေသောကြောင့် မရေးသားဖြစ်ခဲ့ပါဘူး ယခုလည်း စာမေးပွဲ ၂ ရက်နားသောကြောင့် ရိုသေစွာလျှောက်ထားလာသော မောင်ဖိုးသား၏ မေးလျှောက်လွှာကို မောင်ဖိုးသားနှင့်တကွ စာဖတ်သူတို့ သိရှိစေရန်အတွက် စာမေးပွဲကြားထဲကနေ ရေးသားလိုက်ပါသည်။

    ဒီအကြောင်းအရာ လေးကိုတွေ့လိုက်တော့ စိတ်ဝင်စားသွားသလို့ ဒီမေးခွန်းလွှာပိုင်ရှင် ကိုလည်း ယခု လို လူအများကြားမှာ ဒီခေါင်းစဉ်ဖြင့် ရေးသားခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သောကြောင့် အထူးပဲ ကျေးဇူးတင်ရှိပါသည်။ ဒီအကြောင်းရာလေးသည် သိသင့်သိ ထိုက်ပါသည် ရေးသင့်ရေး ထိုက်ပါသည် တွေးသင့်တွေး ထိုက်ပါသည် ထို့အတွက်ကြောင့် စာရေးသူလည်း မောင်ဖိုးသား၏ အမေးကို ပြန်လည်ဖြေကြားခြင်းဖြစ်ပါသည်။

    ပထမပြောချင်တာကတော့ မာယာဆိုသော ဘာသာအကြောင်းဖြစ်ပါသည်။ စာဖတ်သူ တို့ကြားဘူးလိမ့်မည်ဟု ထင်ပါသည်။ ထိုဘာသာသည် ဟိုး လွန်ခဲ့သော နှစ်ပေါင်း ၁ သောင်း ၆ ထောင်ကျော်ကတည်းက ပေါ်ထွက်လာသော ဘာသာဖြစ်ပါသည်။ ထိုမာယာဘာသာသည် ရှေး ဟိန္ဒူ နက္ခတ္တ ပညာရှင်လူမျိုးတွေ၏ ကိုးကွယ်သော ဘာသာဖြစ်သလို ထိုလူမျိုးတို့သည် တောင်အမေရိကတိုက် မှာ ထိုခေတ် ထိုအချိန်က နေထိုင်ခဲ့ကြပါသည်။ ထို ပညာရှင်အပေါင်းသည် နက္ခတ္တဗေဒ အလိုအရ ပြောထားသည်က Planet X ခေါ်တဲ့ ဂြိုလ်သည် ကမ္ဘာ့ပတ်လမ်းနားရောက်လာရင် ကမ္ဘာ့ဝင်ရိုးသည် အနည်းငယ်တိမ်းစောင်းသွားလိမ့်မည် သို့အတွက်ကြောင့် ငလျှင်နဲ့ စူနာမီလို ပုံစံတွေ ဖြစ်ပေါ်လာပြီးလျှင် ကမ္ဘာပေါ်မှာရှိသော လူပေါင်းမြောက်များစွာ သေဆုံးနိုင်သည့်အပြင် .. နောက် တနေ့မှာ အပူလွန်ကဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မည်၊ ထိုအပူချိန်လွန်ကဲမှုတွေကြောင့် ကမ္ဘာ့နေရာအနှံ့အပြား မှာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီးလျှင် ကမ္ဘာမီးလောင်သော ပုံစံမျိုးဖြစ်လာပါလိမ့်မည်။ အထူးသဖြင့် ယခုလာမည့် ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာကြီးပျက်ဆီးပြီး လူသားတို့၏ နောက်ဆုံးရက်ဖြစ်လာ လိမ့်မည်ဟု သူတို့ယုံကြည့် အလေးထားသော မာယာဆိုသော ပြက္ခဒိန်ထဲမှာ လွန်ခဲ့သော နှစ်ပေါင်း ၁- သောင်း ၆ ထောင်ကျော်ကတည်းကနေ ယခုအချိန်အထိ တိတိကျကျ ဖေါ်ပြထားကြပါသည်။ စာရေးသူ အပေါ်မှာ တင်ပြထားသော ( video) သည် ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်လိမ့်မည်ဟု မှတ်တမ်းပြုထားသော ဟောကိန်းထုတ်ထားသော စူးစမ်းရှာဖွေ၍ သုတေသနပြုလုပ်ထားသော မာယာ လူမျိုးတို့၏ အဓိကသက်သေ အထောက်အထားတစ်ခု ဖြစ်ပါသည်၊ အဆက် ခုနစ် ပိုင်းပါရှိပါသည်။

    နောက်တစ်ခုပြောတာကတော့ (Golden Age) ဆိုတဲ့ အကြောင်းဖြစ်ပါသည်။ ထိုမာယာဘာသာ လူမျိုးတို့သည် ကမ္ဘာကြီး ပျက်ဆီးသွားပြီးသောအခါ ယခုကမ္ဘာမှာ ရှိသောလူမျိုးစုတွေထက် သာလွန်သော မျိုးနွယ်တွေ ပေါ်ပေါက် လာလိမ့်မယ် ဆိုသည်ကို သူတို့အားလုံးက ယုံကြည်ကြပါသည်။ နည်းနည်းလေးတော့ သူတို့၏ အမြင်နှင့် ဟောကြားချက်များသည် သိပ္ပံဆန်ကောင်းဆန်နေပါလိမ့်မည်။ ဒါပေမယ့် သူတို့၏ ပညာနှင့် ယုံကြည့်ချက်ကိုတော့ လေးစားထိုက်ပါသည်။ ထိုပညာရှင်များပြောသော Planet X ဆိုသည်မှာလည်း စာရေးသူတို့ ဗုဒ္ဓဘာသာအရ ၃၁ ဘုံတွင်းက လူ့ဘုံထက် မြင့်တဲ့ ဘုံတစ်ဘုံမှာ နေထိုင်ကြသော ပုဂ္ဂိုလ်တွေကို ရည်ညွန်း ပြောဆို ထားခြင်းဖြစ်ပါသည်။ ယခုအချိန်ထိ သူတို့မျိုးနွယ်တွေ ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ အားလုံး ပျက်ဆီးသွားမယ် ဆိုသည်ကို အားလုံးယုံကြည် နေကြပါသည်။( မိမိသိချင် သည့်အချက်အလက်များကို စိတ်ပါလက်ပါ ရှင်းလင်းပြခဲ့သော အတန်းဖေါ်သူငယ်ချင်း တောင်အမေရိကတိုက် ကျောင်းသား မိုက်ကယ် ဒူးရန်င့် ကို အထူးကျေးဇူးတင်ရှိပါသည်။)

    သိပ္ပံပညာရှင်တို့၏ အလိုအရကား ဤစကြာဝဠာကြီးသည် မူလသဘာဝအားဖြင်း လူ ၊ တိရစ္ဆာန် သတ္တ၀ါတွေအား နေထိုင်ရန် အတွက်မဟုတ်ပေ၊ သတ္တ၀ါတွေ နေထိုင်ရန်သင့် တင့်လျှောက်ပတ်သောနေရာ သည် ဤ စကြာဝဠာထဲတွင် အလွန့်ကို နည်းပါးလှပါသည်။ သတ္တ၀ါတို့သည် အမှတ်မထင် ဖြစ်ပေါ်ခဲ့၍ အမှတ်မထင်ပင် နောက်ဆုံး၌ ပြန်လည် ချုပ်ငြိမ်းသွားမည်ဖြစ်သည်။ သတ္တလောက ဖြစ်ပေါ်သည်မှ ချုပ်သည်အထိ အချိန်ကာလသည် နှစ်ပေါင်း ကုဋေကုဋာ အသင်္ချေအနန္တ ဖြစ်သောငြားလည်း စကြာဝဠာ၏အစအဆုံး မရှိသော အချိန်ကာလနှင့် စာသော် အလွန့်ကိုတိုတောင်းလှပါသည်။

    ဟိုတုန်းက အလွန့်ကို ကျော်ကြားသော သိပ္ပံပညာရှင် ဗာထရန်ရာရှယ်သည် ကမ္ဘာလောကကြီး အကြွင်းမဲ့ချုပ်ပျောက်ပျက်စီးမည့်ပုံကို အောက်ပါအတိုင်း ပြောပြထားပါသည်။ ကမ္ဘာသည် လူတို့နေထိုင်ရာ ဒေသအဖြစ်အချိန်အတော်ကြာရှိနေလိမ့်မည်။ အမြဲထာဝရ တည်ရှိနေမည်ကား မဟုတ်ချေ။ လေထုသည် အာကာသထဲသို့ တစတစ လွင့်သော် လွင့်သွားပါလိမ့်မည်။ ဒီရေကြောင့် ကမ္ဘာသည် တဖက်တည်းဖြင့်သာ အမြဲမျက်နှာမူ၍ ကမ္ဘာ၏ တစ်ခြမ်းသည် အလွန်ပူလျက် ကျန်တစ်ဘက်ခြမ်းသည် အလွန်အေးနေပေလိမ့်မည်။ လသည် ကမ္ဘာနှင့်တိုက်မိသော် တိုက်မိပေလိမ့်မည်။ ဤ အဖြစ်မျိုးများနှင့် လုံးဝမကြုံတွေရသည်ဆိုစေ၊ ဆာဂျိန်းစဂျင်းစ ၏အလိုအားဖြင့် နောက်ဆုံးတစ်နေ့၌ နေသည် ပေါက်ကွဲ၍ ကမ္ဘာကြီးသည် ပျက်စီးရလိမ့်မည်ဖြစ်သည်။ ထိုသို့ကမ္ဘာပျက်စီးရန်နှစ်ပေါင်း ကုဋေကုဋာလိုသေးသည်၊ ထိုအချိန်ကာလအတွင်း ကျွန်ုပ်တို့သည် လာမည့်ဘေးအတွက် ပြင်ဆင်မူပြုလုပ်နိုင်၏၊ နက္ခတ် ပညာနှင့် ရော့က် ပညာသည် တိုးတက်လာနိုင်သည်။ သိပ္ဂံပညာသည် မည်မျတိုးတက်စေကာမူ လူတို့သည် စကြာဝဠာထဲ၌လှည့်လည် သွားလာခြင်းဖြင့် သတ္တလောကကို အမြဲအသက်ဆက်ပေးနေနိုင်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော သာမိုဒိုင်နမစ် ဒုတိယနိယာမတရား အရ စွမ်းအင်သည် အလွန်သိပ်သည်းသော အခြေမှ သိပ်သည်းမူနည်းပါးသော အခြေသို့ အမြဲပြောင်းလဲလျက်ရှိရကား နောက်ဆုံး၌ သတ္တလောကသည် အကြွင်းမဲ့ ချုပ်ငြိမ်းရမည်သာဖြစ်ပါသည်။ အထူးသဖြင့် ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကမ္ဘာပေါ်တွင်အလွန်ဆိုးရွားသော ပေါက်ကွဲမှုတွေ ပျက်ဆီးမှုတွေ ဖြစ်နိုင်သည်ဟု မာယာဘာသာ နက္ခတ်ပညာရှင်တွေ နည်းတူ သူလည်း ပြောကြားခဲ့ပါသည်။ ဒါက ရှေးနက္ခတ္တပညာရှင်တို့၏ အလိုဖြစ်ပါသည်။

    စာရေးသူ ထုးဆန်းစွာခံစားမိသည်က လွန်ခဲ့သော နှစ်ပေါင်း ၁ သောင်းခြောက် ထောင်ကျော် ကတည်းက စူးစမ်းရှာဖွေ ဟောပြောထားသော မာယာဘာသာ ရှေး ဟိန္ဒူးလူမျိုး နက္ခတ္တပညာရှင်တို့၏ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ တွင် ကမ္ဘာကြီးချုပ်ငြိမ်းမည်ဟူသော အယူအဆနှင့် ယခုခတ်သိပ္ပံပညာရှင်တို့၏ အယူအဆ စူစမ်းရှာဖွေမူသည် တူညီနေသောကြောင့်ဖြစ်ပါသည်။ လူဦးရေတွေ များပြားလာတာနဲ့ အမျှ ကမ္ဘာ့ သယံဇာတ များစွာကို အမြဲမပျက်သုံးစွဲ နေကြသည့်အတွက်ကြောင့် ကမ္ဘာကြီး ပျက်စီး ယိုယွင်းလာရခြင်း ဖြစ်ကြောင်း ပြောဆိုထားပါသည်။ ယခုကာလ၌လည်း ကမ္ဘာပေါ်မှာ နေတိုင်း ကပ်ဆိုက်မှုတွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လျက်ရှိနေပါသည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင် ၁ လကျော်ကျော်အတွင်း မုန်တိုင်း ၄ ခု ဝင်၍် ရေများ ယခုအချိန်အထိ ကြီးနေပါသည်။ ကမ္ဘာပေါ်မှာ လူဦးရေပေါများပြီး ချမ်းသာစာရင်းတွင်ပါသော အိန္ဒိယနိုင်ငံသည်လည်း ယခုအခါတွင် ရေးရှားပါးမူကြောင့် နိုင်ငံအတွင်းဒုက္ခရောက်နေကြရပါသည်။

    နောက်တစ်ခုက ဘာသာကြီးလေးခုဟုဆိုအပ်သော ဟိန္ဒူ ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် နှင့် အစ္စလမ်ဘာသာဝင်တို့ သည် ဘာသာရေးများကွဲပြားနေသောလည်း တစ်နေ့ကမ္ဘာ ပျက်မည်ဟူ သောအယူအဆသည် တူညီနေ ကြပါသည်။ ဟိန္ဒူဘာသာ၏ အလိုအရကား ကမ္ဘာလောကကြီး ပျက်စီးရခြင်းသည်ကား ထာဝရဘုရားက ဖျက်ဆီးသောကြောင့် ပျက်ရခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာနှင့် အစ္စလမ်ဘာသာတို့၏ အလိုရကား ထာဝရဘုရားသခင်သည် ဖန်ဆင်ထားသော ကမ္ဘာမြေကြီးကို ဘုရားကဖျက်ဆီးတာမဟုတ်ပဲ ကမ္ဘာကြီးတွင် လူသားများဖြင့် ပြန်လည် စည်းကားစေလိုသောကြောင့် အသစ်တဖန်ပြန်လည် ဖန်ဆင်ခြင်းဖြစ်သည်ဟု ဆိုထား ပါသည်။

    ဗုဒ္ဓဘာသာ အလိုရကား လောက၌ ရှိရှိသမျှသင်္ခါရဓမ္မ တို့၏ ထင်ရှားသော လက္ခဏာ အင်္ဂါသုံးရပ်သည်ကား အနိစ္စ၊ ဒုက္ခနှင့် အနတ္တ ၀ါ မမြဲခြင်း ၊ ဆင်းရဲခြင်း၊ မြဲသောအတ္တမရှိခြင်း ဖြစ်သည်။ ထိုလက္ခဏာသုံးပါးတွင် ဒုက္ခလက္ခဏာသည် အနိစ္စလက္ခဏာပေါ်၌ တည်၏။ သင်္ခါရဓမ္မတို့သည် မမြဲသောသဘောရှိသောကြောင့် အမာခံဓါတ် အတ္တကင်းလျက် ဖောက်ပြန်ပျက်စီးကြရမည်ဖြစ်သည်။

    ဇာတိခေတ်၊ အာဏာခေတ်၊ ၀ိသယခေတ်သုံးမျိုးတို့တွင် ဇာတိခေတ်နှင့် အာဏာခေတ်ဖြစ်သော စကြာဝဠာတစ်သိန်းအတွင်း၌ ကမ္ဘာဖျက်မိုးကြီးရွာသွန်းသောအခါ လူတို့သည် မသိသောကြောင့် ပျော်ရွှင်စွာဖြင့် သလေးအစရှိသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးလိမ့်မည်၊ ထိုကောက်ပဲသီးနှံတို့သည် နွားစားနိုင်လောက်သော အရွယ်ပမဏ သို့ရောက်သော အခါ ထိုးရွာနေသော မိုးကြီးသည် ရုတ်တရပ်တန့်သွားကာ မြေနှင့်တူသော ကြောက်မက်ဖွယ် အသံဖြင့်မည်းဟီးကာ မိုးခေါင်သွားလေမည်၊ မိုးကိုမှီခိုနေကြကုန်သော လူ နတ် တိရစ္ဆာန်တို့သည် များစွာပျက်စီး ဆုံးရှုံးကြကုန်လိမ့်မည်။

    ထိုအခါ ကာမာဝစရဘုံမှ လောကပါလနတ်သားသည် နီသောအ၀တ်ကိုဝတ်လျက် ဆံပင်ကို ဖားလျားချကာ ငိုကြွေးလျက် လူတို့၏ဌာန အသီးသီးသို့သွားပြီးလျင် ဤမှစ၍ နောက်နှစ်တစ်သိန်း လွန်သောအခါ ဤကမ္ဘာသည် မိုးဖျက်လိမ့်မည် ဖြစ်ကြောင့်း အထက်ပထမဈန် သုံးပုံတိုင် ပျက်ဆီး လိမ့်မည် ဖြစ်ကြောင်း ထိုကြောင့်သီလ ဆောက်တည်ကြပြီးလျင် မိဘတို့ကို ရိုသေစွာ လုပ်ကြွေးကြရန် တိုက်တွန်းနိုးဆော် သမှုကိုပြုလုပ်လိမ့်မည်။ ထိုနတ်သား၏ တိုက်တွန်းမှုကြောင့် လူနတ်အပေါင်းတို့သည် ကြောက်လန့်ကာ မကောင်းမှုတွေကိုရှောင်ပြီး မိဘတို့ကို ရိုသေစွာ လုပ်ကြွေးကြပြီးသေဆုံးသောအခါ ပထမဈန်သုံးပုံ၏ အထက်ပုံသို့ ရောက်ရှိသွားကြလိမ့်မည်။ နားမထောင်သောလူမိုက်တို့သည်သာ ကျန်ရစ်ခဲ့လိမ့်မည်။

    အနှစ်တစ်သိန်းစေ့သောအခါ နေနှစ်စင်းသည် တစ်စင်းပြီး တစ်စင်းထွက်လာပြီး မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ် ၊ သမုဒ္ဒရာတို့မှ ရေများ ခန်းခြောက်ကာ လူ့ဘုံ နတ်ဘုံ တို့အားလုံးကို မီးများလောင်ကျွမ်းသဖြင့် ပထမဈန်သုံးဘုံ ဗြဟ္မာပြည် တိုင်အောင်ပျက်စီးသွားလိမ့်မည်။ ကောင်းကင်ပြင်တစ်ခုလုံးသည် တစ်စပ်တည်း ဖြစ်လျက် ကမ္ဘာပြိုမိုးကြီးရွာသွန်းသည့် အချိန်အထိ လောကတိုက်ကြီးတစ်ခုလုံး အမှောင်တိုက်ကြီးဖြစ်၍ တည်နေပေလိမ့်မည်။

    ကမ္ဘာလောကကြီးပျက်ရာတွင် မီးဖျက်၍ ပျက်ခြင်း၊ ရေဖျက်၍ ပျက်ခြင်း၊ လေဖျက်၍ပျက်ခြင်း ဟု၍ သုံးမျိုးရှိသည်။ မီးဖျက်သောအခါ ပထမဈန် ဗြဟ္မာဘုံသုံးဘုံတိုင်အောင် ပျက်စီးလျက် ရေဖျက်သောအခါ ဒုတိယဈန် သုံးဘုံတိုင်အောင်ပျက်စီးကာ လေဖျက်သောအခါ တတိယဈန် သုံးဘုံတိုင်အောင် ပျက်စီးသည်။ ကမ္ဘာလောကကြီးသည် မီးကြောင့် ခုနစ်ကြိမ်တိတိ ပျက်ပြီးနောက်မှ ရှစ်ကြိမ်မြောက်တွင်ရေကြောင့် ပျက်စီးရသည်။ မီးခုနစ်ကြိမ် ရေတစ်ကြိမ်နည်းဖြင့် ဖျက်ဆီးသွားရာ မီးရှစ်ကြိမ်နှင့်ရေခုနစ်ကြိမ် စုစုပေါင်း ၆၃ ကြိမ် ပျက်စီးပြီးသောအခါ လေတစ်ကြိမ်ဖျက်ဆီးလိမ့်မည်။

    ကမ္ဘာပြိုမိုးကြီးသည် အန္တရကပ်ရက်အတွင်း၌ အဆက်မပြတ်ရွာသွန်းလေရာရှေ့ဦးတွင် ဆီးနှင်းအရွယ် မိုးသီးမိုးပေါက် ပမာဏမှ တစ်ဖြေးဖြေး ကြီးထွားသော မိုးသီးမိုးပေါက်ကျလာသဖြင့် ယူဇနာ ထောင်သောင်း အတိုင်းအရှည်ရှိသော မိုးသီးများစွာ ရွာချသည်။ လဟာပြင်ကြီးသည် တစ်ခုလုံးသည် အထက်ပျက်စီးသွားသော ဘုံအထိ ရေပြင်ကြီး ဖြစ်လျက်ရှိကာ ကမ္ဘာလေကကြီးပျက်စီးသွားလိမ့်မည်ဟု ဆိုထားပါသည်။ အဓိကတော့ ဗုဒ္ဓဘာသာမှာ သတ္တ၀ါများ တရားပျက်၍ လောဘ၊ ဒေါသ၊ မောဟ များအဆမတန်များလာပြီးတရားပျက်လာ၍သာ ကမ္ဘာသည် သူအလိုလို ပျက်စီးရခြင်းဖြစ်သည် ဟု ဆိုထားပါသည်။

    (စာဖတ်သူတို့ ဗဟုသုတ ရစေချင်းအကြိုးငှာ ယခုလိုရှင်းပြခြင်းဖြစ်ပါသည်။)

    စာရေးသူကတော့ သိပ္ပံပညာရပ် ဆိုသည်မှာ စူးစမ်းရှာဖွေမှုနဲ့ အမေး သဘောကို ဆောင်သည် ဟုထင်ပါသည်။ ဘာသာရေးက အဖြေ .. သိပ္ပံက အမေး သည်လိုယူဆသုံးသပ်ထားပါသည်။ ဘယ်တော့မဆို သိပ္ပံပညာကို ဘာသာရေးသဘော နှင့်နိုင်းယှဉ်ကြည့်ပါတယ်။ ဥပမာ ဗုဒ္ဓဘာသာမှာ မြင့်မိုရ်တောင်ကို နေကလှည့်ပတ်နေတယ် ဆိုတာ ရေးသားဟောပြောထားပါသည်၊ ဒါကို သိပ္ပံပညာရှင်တွေက ဟိုယခင်က မဟုတ်နိုင်ဘူးဆိုတာကို ငြင်းဆန် ထားပါသည်။ သို့ပေမယ့်လည်း ပြီးခဲ့သော ၅ နှစ်ကျော်က သူတို့ လေ့လာရင်း စကြာဝဠာထဲမှာ ဂြိုလ်ကို နေက ပြန်ပတ်နေတာ တွေ့သွားလို့သိပ္ပံ အယူအဆတွေ လွဲသွားတယ် ဆိုသည်ကို ရှင်းပြထားပါသည်။ ဒီအတွက် ကြောင့်လည်း ကိုယ် ဘာသာအတွက် ဂုဏ်ယူမိခဲ့ပါသည်။

    စာရေးသူပြောချင်သည်မှာ ဘယ်ဘာသာကိုမဆို ကိုးကွယ်သော လူမျိုးတွေသည် မိမိတို့ ကိုးကွယ်လေးစားသော ဘာသာတရားကို မိရိုးဖလာ ယုံကြည်တာထက် ကိုယ့်ဘာသာ အမြဲလေ့လာရင်း ယုံကြည်တာက ပို၍စိတ်ချမ်းသာစေမယ် ပို၍ယုံကြည်စေမယ်လို့ထင်ပါသည်။ အများပြောတိုင်း ယုံသည်ထက်စာရင် ဖြစ်သင့်သည် မဖြစ်သင့်ဘူး ဆိုသည်ကို ကိုယ်ပိုင်ညဏ် ဖြင့်ဝေဖန်သုံးသပ် ဆုံးဖြတ်စေချင်သလို အများသူငှာတွေက ဟေးဆိုပြီးအော်လိုက်တိုင်း မိမိကသူတို့လိုလိုက်ပြီး ဘာမှန်းမသိ ညာမှန်းမသိ မအော်စေချင်ဘူး။ သေချာစဉ်စားပါ ဘာကအရေးကြီးလည်း မဖြစ်ခင်က ကြိုတင်ပြီး စိုးရိမ်သောက ရောက်နေမှာလား သို့မဟုတ် ပြင်ဆင်ထားမှာလား မိမိကလက်ခံလား သူများပြောတိုင်းအကြောင်းအရာတွေကို ဒီအကြောင်းကို သူများပြောတိုင်း လိုက်ပြီးပြောနေတာလား တကယ်လို့ငါလက်ခံရင် ဒါမဖြစ်ခင် ကြိုတင်ပြီး ငါဘာလုပ်သင့်သလဲ ဒါကိုသေချာစဉ်စားပါ။

    ဘီစီ ၆ ရာစုခေတ်က အချို့သော အိန္ဒိယပြည်သားတို့သည် လောကသည် မြဲသလော မမြဲသလော ၊ လောကသည် အဆုံးရှိသလော အဆုံးမရှိဘူးလား၊ ဇီဝ နှင့်ခန္ဓာကိုယ်သည် ထပ်တူဖြစ်သလား မဖြစ်ဘူးလား ၊ ပြောဆြိုငင်းခုံကြသည်။ မြတ်စွာဘုရားအားမေးလျှောက်သောအခါ ဘုရားက ထို့ကိစ္စသည် လူတို့အားအကျိုးမပြုဘဲ လမ်းမှားစေ သော တောချုံ ခရီးခဲ ဆူးငြောင့်တံကျင် အနှောင်အဖွဲ့နှင့် တူသည်၊ (မဇ္ဈိမနိကယ် အဂ္ဂိဝစ္ဆဂေါတ္တသုတ်) ။

    ယင်းတို့နှင်စပ်လျင်း၍ ငြင်းခုံနေကြသော ပြောဆိုနေကြကုန်သော သူတို့သည် ဆင်၏ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကိုသာ လက်ဖြင့်စမ်းသပ်ပြီးနောက် ဆင်ဆိုသည်ကား ဤသို့ဖြစ်သည် ၊ ထိုသို့မဟုတ်စသည်ဖြင့် ငြင်းခုံရန်ဖြစ်ကြသော သူကန်းများနှင့်တူ၏( ဥဒါနပါဠိ)။

    နောက်မေးလျောက်လာသော မာလုကျပုတ္တမထေရ်အား ဗုဒ္ဓက မာလုကျပုတ္တ္တ ၊ ဥပမာသောကား အဆိပ်လူးမြှားမှန်၍ ဒဏ်ရာရနေသော လူတဦးသည် အကယ်၍ ချက်ခြင်း အကုအသမခံဘဲ သူ့အား ပစ်သောသူ ပစ်သောသူ၏အမည်၊ အမျိုးဇာတ်၊ အရောင်အဆင်းနှင့် နေထိုင်ရာအရပ်ဒေသ စသည်တို့ကို စုံးစမ်း မေးမြန်း၍ နေပါက အသက်သာလျှင် ဆုံးရှုံးရာ၏၊ ထို့အတူ သင်သည်လည်း မရေရာမသေချာသော ဤ ပြဿနာများ၏ အဖြေကိုသိမှသာ ရဟန်းတရားအားထုတ်မည်ဆိုပါက သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မည်မဟုတ်။ ထိုပြဿနာများ၏ အဖြေသည် လောက၌ ဒုက္ခတရားသည် သာမုချရှိ၏။ ထိုပြဿနာ များသည် ဒုက္ခခပ် သိမ်းကင်းငြိမ်းရာ အကျိုးငှာ မဖြစ်သောကြောင့် ငါမဖြေကြားဘဲ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ သစ္စာလေးပါးတရား ကိုသာ ငါဘုရား ဟောကြားခဲ့သည်။ (မဇ္ဈိမနိကာယ်စူဠမာလုကျသုတ်)၊

    အခါတစ်ပါး မြတ်စွာဘုရား တောအုပ်တစ်ခု၌ သီးတင်းသုံးနေတော်မူ၏။ ထိုတောအုပ်ထဲ၌လည်း ဘဒ္ဒိဝဂ္ဂိသူငယ်ချင်းမင်းသားသုံးကျိပ်တို့သည် မယားတို့နှင့် အတူတကွ ပျော်ပါးနေကြစဉ် အတူပါလာသော ပြည့်တန်ဆာမသည် သူတို့ပစ္စည်းများကို ယူ၍ ထွက်ပြေးသွား၏ ၊ သိ၍ပြေးလိုက်သောအခါ သူမကိုမတွေ့ပဲ မြတ်စွာဘုရားကို မြင်၍ မေးလျှောက်ရာ မြတ်စွာဘုရားက သူငယ်တို့ မိန်းမကိုရှာခြင်းသည် နေရာကိုမသိဘဲရှာသော အခါ ပင်ပန်ခြင်း ဒေါသထွက်ခြင်း ထင်ရောင်ထင်မှားဖြင့်ရှာနေခြင်းနှင့် မိမိကိုယ်ကို မြင်အောင်ရှာခြင်းသည် အဘယ်ရှာခြင်းက မြတ်သနည်းဟုမေးရာ ထင်ရောင်ထင်မှား မသေချာသော ရှာခြင်း တွေးခြင်း ပြောဆိုခြင်းထက် မိမိကိုယ်ကို ရှာခြင်းသည် ပို၍မြတ်ပါသည်ဟု ပြန်လည် လျှောက်ထားကြလေသည်။ (၀ိနည်းပိဋကတ် မဟာဝဂ္ဂ)၊

    အကယ်၍ ကမ္ဘာသည်တကယ် ပျက်ဆီးလိမ့်မည် ဆိုလျင်ဖြင့် မေးခွန်းကို မေးလာသော မောင်ဖိုးသားနှင့် စာဖတ်သူတွေသည် မပျက်ခင်အတွင်းမှာ မဖြစ်သေးသော ကိစ္စတွေကို တွေးပြီးပူပန် ကြောင်းကြသည်ဖြစ်စေ ကြောင်းကြသည်မဖြစ်စေ မိမိတို့ နေ့စဉ်နေ့တိုင်း လုပ်သင့် လုပ်ထိုက်သော အမှုကိစ္စတွေကို နိုင်သလောက် လုပ်ဆောင်ပေးကြပါ၊ လေးစားသင့် လေစားထိုက်သူတို့ကို လေးစား၍ ဆည်းကပ်သင့် ဆည်းကပ်ထိုက်သူတွေကို ဆည်းကပ်ကြပါ။ ကျေးဇူးဆပ်သင့် ဆပ်ထိုက်သူများကို လည်းကျေးဇူးဆပ်ပေးပါ။ မိဘကိုရိုသေပေးပါ ကောင်းမွန်စွာလုပ်ကြွေးကြပါ၊ နုတ်အမှုအရာ ကိုယ်အမှုအရာအစ လိမ္မာယဉ်ကျေးအောင် နေထိုင်ပြီးလျင် သီလ သမထ ဘ၀နာ ကမ္မဌာန်း တရားတွေကို မမေ့မလျှော့ပဲ ကြိုးစားပြီး အားထုတ်ပေးပါ ဆိုပြီး ပြောချင်ပါသည်။ မိမိသာ တကယ်လို့ အထက်ပါအတိုင်း နေ့တိုင်းပုံမှန်သာ မိမိကိုယ်ကို ကောင်းအောင်နေသွားမယ် ကြိုးစား အားထုတ်သွား မယ်ဆိုရင်ဖြင့် မေးခွန်ရှင် တို့မေးလာသော မေးခွန်း ၁၁ ခုထက်မက သောမေးခွန်းများနှင့် အဖြေများသည် မိမိကြိုးစားအား ထုတ်ခဲ့သော ရလဒ်တွေကြောင့် အရာရာကို သဘောပေါက် နားလည်သွားပြီး ရှင်းလင်း လွယ်ကူသော အသိအမြင် အတွေးအခေါ်များနှင့် အဆင့်မြင့်သော တရားသဘောများ မြင်လာ တွေ့လာ သိလာ ပါလိမ့်မည်။

    အတိတ် အနာဂါတ် ပစ္စုပ္ပန် ဆိုသော ကာလသုံးပါးထဲတွင် ပြီးခဲ့သော အတိတ်က အကြောင်းအရာတွေကိုလည်း ပြန်တွေးနေဖို့မလိုအပ်သလို မဖြစ်လာသေးသော အနာဂါတ် တရားကိုလည်း တွေးပြီး ပူပင်သောကရောက်နေမှုတွေ မလိုအပ်သလို အောင်မြင်ချင်နေသော ဇောများနှင့်လည်း ရှုးသွတ်နေရန် မလို အပ်ပါဘူး။ (အနာဂါတ်သည် ရည်မှန်းချက်သာလျင်ဖြစ်သင့်ပါသည်။) ပစ္စုပ္ပန် ဟူသော ယခုလက်ရှိ အချိန်ကို ကောင်းမွန်စွာ အသုံးချနိုင်မှ သာလျင် ကျန်ခဲ့မည့် အတိတ်သည် ကောင်းမွန်မည်ဖြစ်သလို ဖြစ်လာမည့်အနာဂါတ်သည်လည်း မိမိကြိုးပန်းအားထုတ် ခဲ့သည့်အတိုင်း စိုက်ပျိုးခဲ့သည့်အတိုင်း ထိုအပင်မှ ကောင်းမွန်သော သစ်သီး သစ်ပွင့်များကို အဆင်သင့် အပြစ်ကင်းစွာ ခူးယူစား သုံးနိုင်မှာဖြစ်ပါသည်။ ဒါကြောင့် ယခု လက်ရှိအချိန်ထက် ကောင်းမွန်သာလွန်သော အချိန်သည် မရှိပါဘူး။ လက်ရှိအချိန်ကိုသာ အကျိုးရှိအောင် အသုံးပြုကြရန်တိုက်တွန်းလိုက်ပါသည်။

    သေမိန့်ကြတဲ့ သူတွေကို ရွတ်ဖတ်ပေးတဲ့ သီဟိုဠ်ဘုန်းကြီးတစ်ပါးက ယခုလို မိန့်ခဲ့ပါသည် “ ဆေးသွင်းပြီး သေဒါဏ်ပေးတာကို ဦးဇင်းကြိုက်တယ် . ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်သေမှာသိလို့ ပြင်ဆင်နိုင်မယ် .. ဆေးသွင်းတာ ခံရရင်း တရားလေးမှတ် သေသွားလို့ရတယ်.. ” “အကယ်လို့ ဦးဇင်း ဘုန်းကြီးဖြစ်ပါလျှက်နဲ့ လမ်းသွားရင်း ကားတိုက်သွားလို့ သေသွားရင် .. အဲဒီ သေဒါဏ်ပေးခံရတဲ့ သူတွေလို တရားလေးမှတ် သေသွားနိုင်မှာ မဟုတ်ဘူး”

    စာရေးသူကတော့ နေတိုင်းတော့ ကောင်းတာ လုပ်ဖြစ်အောင် လုပ်မယ် အဲဒီ မတိုင်ခင် သေသွားလည်း မတတ်နိုင်ဘူး ဒီနေ့ လမ်းသွားရင်း ကားတိုက်လို့ သေသွားရင်လည်း မတတ်နိုင်ပါဘူး သေတာကတော့ ဖြစ်ပြီး ပျက်မယ် ဆိုတာ မဆန်းတော့ မထူးဆန်းပါဘူး ဒါပေမယ့် ဘယ်လို သေရမလဲ ဆိုတာကိုတော့ စဉ်းစားရင် ရင်လေးမိတယ်၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်လေး ဖြင့်သာလျင် သေချင်ပါသည် ၊ သို့ပေမယ့် ကံဆိုသည်ကိုမိမိမှ မမြင်ရခြင်း ဘယ်အချိန်မှာ ဘယ်ပုံဖြင့် သေရမည်ကိုမသိခြင်း ကြောင့် တည်တည်ငြိမ်ငြိမ် နှင့်သေဖို့ဆိုသည်မှာ လည်း မရေရာပါ။ ထို ကိစ္စတွေနှင့် ပါတ်သတ်ပြီးလည်း သိပ်ပြီး ခံစားမှုတွေ ပင်ပန်းမှုတွေ ဖြစ်မနေခဲ့ပါဘူး။ ဖြစ်နေဖို့လည်း မလိုအပ်ပါဘူးလို့ထင်မိပါသည်။

    ညတိုင်း တရားဓမ္မတွေကို ဆွေးနွေးနေသော ဂျာမနီနိုင်ငံက ဂျာမန်ဒကာကြီးက စာရေးသူ ကိုပြောပါသည်။ မနက်အိပ်ယာထကတည်းက ဒီနေ့ ဟာ ငါ့ရဲ့ နောက်ဆုံးနေ့ဖြစ်ရင်ဘာလုပ်မလဲ ဆိုတာ အမြဲမေးဖြစ်တယ် . အဓိက ကတော့ နေ့တိုင်း ကောင်းတာ လုပ်နေဖို့ ပါပဲ ကောင်းတဲ့ဘုံတွေ ဘာတွေ ကို မျှော်ကိုးတာထက် ဘာကောင်းအောင် လုပ်သင့်သလဲ ဆိုတာပိုပြီး အရေးကြီးတယ်ဆိုပြီးပြောသွားခဲ့ပါသည်။

    အထက်ပါ အကြောင်းအရာများသည် စာရေးသူပြောချင်သော အကြောင်းအရာ များဖြစ်ပါသည် အကယ်၍ ဤရေးသား ချက်များထဲတွင် မှားတာများ မနှစ်သက်တာများ စာဖတ်သူတို့ တွေ့မိပါလျင် စာရေးသူကို လမ်းပြပေးစေချင်ပါသည် အားလုံးကို ကြိုဆိုပါသည်။ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။


    မှီငြမ်းထားသောစာအုပ်များ
    T.R.V.Murit, The Central Philosphy of Buddhism
    Rocket,
    Second law of Thermodynamics,
    Bertrand russell, Religion and Science
    T.W Rhys Davids, Early Buddhism
    ညိုသောင်း - ဘာသာကြီးလေးခုအနှစ်သာရ

    http://www.living-in-peace.net မှ ကူးယူဖေါ်ပြထားပါသည်။

    Saturday, October 17, 2009

    အမျိုးသမီးနှင့် ဗုဒ္ဓဘာသာ

    တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊ တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..`` ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။ ဟိုတစ်လောကလည်း ကလေးမလေးတွေက ''ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊ မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊ မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…''တဲ့။

    မှန်ပါတယ်။ ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿနာပါ။ အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊ နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။ တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရားမှာ ဟောကြားထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။ အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။ လူလူချင်းအတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာကြပါတယ်။

    ဆက်လက်ကြည့်ရှုရန်


    တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။ ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။ ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို လွတ်လပ်မှုမရှိတာ၊ အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။ သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။ ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။ ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။ မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။ အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။ အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။ ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။

    ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊ ခွဲခြားဆက်ဆံတဲ့ သဘော၊ ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။ အမျိုးသမီးများကိုလည်း လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။ တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။ အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။ အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။ အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။

    ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။ ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။ သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။ ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရာထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။

    သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။ ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။ အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။ ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက ``မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား`` ဆိုတဲ့စကားပါ။ ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင် နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊ မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။ ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊ အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။

    အချုပ်အားဖြင့် ပြောချင်တာက ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်း အနည်းငယ်ကွဲပြားနေတာ၊ ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့် စစ်မှန်တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။ အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက် အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့် ယုတ်နိမ့်တဲ့သူများ၊ အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါ။ ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။ ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။

    ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့် အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာကျင့်သုံးနေမယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက် ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊ အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါကြောင်း…
    http://forverfriends.ning.com မှ ကူးယူတင်ပြထားသည်


    Friday, September 25, 2009

    ဒိဋ္ဌဓမ္မ အကျိုးခံစားရသူ ၆-ယောက်

    (၁) မလ္လိကာမိဖုရား ................ဘုရားရှင်အား မုယောမုန့်အသိုးကို လှူဒါန်းတဲ့နေ့ မှာပဲ ကောသလမင်းရဲ့မိဖုရားဖြစ်။
    (၂)ပုဏ္ဏကျွန်........................... အရှင်သာရိပုတ္တရာမထေရ်မြတ်အား ဆွမ်းကို ကပ်လှူတဲ့နေ့မှာပဲ သူဋ္ဌေးကြီးပုဏ္ဏဖြစ်ခဲ့သည်။
    (၃)ဧကသာဋကပုဏ္ဏား........... ဘုရားရှင်အား အ၀တ်ပုဆိုးကို လှူဒါန်းတဲ့နေ့မှာပဲ အားလုံးစုံ ရှစ်ခု ရှစ်လီသော စည်းစိမ်ဥစ္စာကို ရရှိခဲ့သည်။
    (၄)သုမနပန်းသည်မ............. ပန်းရှစ်ဆုပ်ကို လှူဒါန်းတဲ့နေ့မှာပင် စည်းစိမ်ဥစ္စာတို့နှင့် ပြည့်စုံခြင်းသို့ ရောက်ခဲ့။
    (၅)သုပ္ပိယခေါ်ဒါယိကာမ.......ဂိလာနရဟန်းအား ပေါင်သားကို ဓားဖြင့်လှီးပြီးလှူဒါန်းပြီးနောက်နှစ်ရက်မှာပဲ အနာလုံးဝပျောက်ကွယ်ပြီး အမာရွတ်မျှသာ ကျန်ခဲ့သည်။
    (၆)ဂေါပါလမာတာဒေ၀ီ....... ဆံပင်ကို ဖြတ်ပြီး ရောင်းလို့ ရတဲ့ငွေ ရှစ်အသပြာကို ရှင်မဟာကစ္စည်းထေရ်ကို လှူတဲ့နေ့မှာပဲ ဥတေနမင်းကြီးရဲ့ မိဖုရားဖြစ်ခဲ့သည်။

    Thursday, September 24, 2009


    အင်းသားများရဲ့ သဘာဝယဉ်ကျေးမှု အစဉ်အလာအတိုင်း တမူထူးခြားစွာ လှေလှော်ဟန်နှင့် ငါးမျှားကြတဲ့ပုံရိပ်

    Wednesday, September 23, 2009

    ခြေလှမ်းသစ်

    ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီး တလျှောက် တွေ့ရကြုံရ ဖတ်ရ မှတ်ရတာလေးတွေ..သင်ကြားခဲ့တဲ့ ငြိမ်းချမ်းရေး ဓမ္မသံစဉ်လေးတွေကို မျှဝေချင်လို့ ချယ်ရီတံခွန်ဆိုတာလေးကို အသက်သွင်းမိတာပါ၊ ငါသိ ငါတတ်ပြောပြလိုခြင်း မဟုတ်ဘဲ သိသမျှလေးတွေကို ပြန်လည်မျှဝေချင်တဲ့ သဘောနဲ့ ချယ်ရီတံခွန်ဆိုတာကို ဘလော့လောက အွန်လိုင်းလောကထဲအရောက် ပို့လိုက်ပါပြီ၊ အားလုံးဝမ်းသာ ကြိုဆိုလိမ့်မယ်လို့ မျှော်လင့်မိပါတယ်၊
    လာရောက်သူမိတ်ဆွေသူငယ်ချင်းများအားလုံး ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ