စိတ်ကောင်းရှိဖို့က ပထမ
Showing posts with label အဆိုအမိန့်များ. Show all posts
Showing posts with label အဆိုအမိန့်များ. Show all posts

Tuesday, March 16, 2010

မေတ္တာဆောင်သည့် တေး

ဓားစတဲ့ လက်နက်ရှိရင် ကျားကတောင် မကိုက်ရဲပါဘူး၊ လက်နက်မဲ့ရင်တော့ နွားမကတောင် ဝှေ့ချင်ပါတယ်၊ ဒါ့ကြောင့် လက်နက်ရှိကြရမယ်။

ဘာလက်နက် ရှိကြရမလဲ၊ တောမီးဟာ သစ်ရွက်ခြောက်ကို လောင်လွယ်တယ်၊ သစ်ရွက်စိုကိုတော့ မလောင်ဘူး၊ မသူတော်မီးဟာ မေတ္တာခန်းသူကို လောင်လွယ်တယ်၊ မေတ္တာဖြန်းသူကိုတော့ မတတ်နိုင်ဘူး။
ဒါ့ကြောင့် မေတ္တာလက်နက် ဆောင်ကြရမယ်။

အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော်

Wednesday, February 17, 2010

ဘ၀အတွက် တစ်နေ့တာ

သင်တို့ဟာ အသိပညာရရှိရေး အမှန်တရားကို သိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ်စင်ကြယ်တိုးတက်ရေး
အတွက် အားမထုတ်ကြဘဲ တစ်နေ့ပြီးတစ်နေ့ ပစ္စည်းဥစ္စာ တိုးတက်ရေး ဂုဏ်သိက္ခာမြင့်မားရေး
ထင်ပေါ်ကျော်စောရေးအတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော။


ဆောခရတ္တိ

Sunday, February 7, 2010

အချင်းချင်း ဒုက္ခမပေးနဲ့

အချင်းချင်း တစ်ယောက်ကို တစ်ယောက် မလှည့်စားပါနဲ့၊ မည်သည့်နေရာမှာမဆို တစ်ယောက်က အခြားသူတစ်ယောက်ကို မထေမဲ့မြင် မပြုပါနဲ့၊ ထိပါး စော်ကားခြင်းဖြင့်လည်းကောင်း အမျက်ဒေါသဖြင့်လည်းကောင်း အချင်းချင်းကို ဒုက္ခမပေးပါနဲ့။ ။

သုတ္တနိပါတ်၊ မေတ္တာသုတ်

ဒဂုဏ်ဦးထွန်းမြင့်

Sunday, January 31, 2010


ကမ္ဘာကြီး အေးချမ်းလာအောင်


"လူတိုင်း တရားထိုင်သင့်တယ်" လို့ ဘုန်းကြီးမြင်တယ်၊ အထက်ပိုင်း ၀ိပဿနာအထိ မဟုတ်တောင်မှ အခြေခံအောက်ပိုင်း သမထသဘောလောက်ပဲ ဖြစ်ဖြစ် ထိုင်ကို ထိုင်ကြမှ ဖြစ်မယ်။

ဒါမှ စိတ်တည်ငြိမ်မယ်၊ စိတ်တည်ငြိမ်မှ သမာဓိရပြီး ကောင်းကျိုး ဆိုးပြစ်ကို ပိုခွဲခြားလာနိုင်မယ်၊

ဒါမှ ကမ္ဘာကြီး အေးချမ်းမယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Friday, January 22, 2010

တိုးတက်ကြီးပွါးဖို့ ခေါင်းဆောင်ကောင်းလိုအပ်

တစ်နေ့မှာ ကိုယ်ဟာ လူကြီးဖြစ်လာရတော့မယ်၊ လူကြီးဖြစ်လာချိန်မှာ "လူကောင်း ဖြစ်နေဖို့လိုတယ်"၊ ဒါမှ
"လူကြီး လူကောင်း" ဖြစ်မယ်။

နေရာတစ်ခုမှာ ကိုယ်က ခေါင်းဆောင် လုပ်ရတော့မယ်ဆိုရင် သတ္တိရှိဖို့ လုပ်ရဲဖို့လိုတယ်၊ တရားသဖြင့် အုပ်ချုပ် ရမယ်၊ တရားသဖြင့် ဟောပြော ပြသပေးရမယ်။

တိုးတက်ကြီးပွါးဖို့ဆိုရင် လမ်းမှန်ကို ရောက်အောင် ညွှန်ပြမယ့် ခေါင်းဆောင်ကောင်းရှိဖို့ အထူးလိုပါတယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Monday, January 18, 2010

စိတ်ချမ်းသာအောင် လုပ်နည်း

ရုပ်ကောင်း စိတ်ကောင်းဆိုတဲ့ အကောင်းနှစ်ရပ်မှာ ရုပ်ကောင်းတာထက် စိတ်ထားကောင်းတာက
ပိုပြီး အဖိုးတန်ပါတယ်။ ဒါပေမယ့် ရုပ်ကျန်းမာဖို့ကိုတော့ သတိပြု စောင့်ရှောက်ကြရမယ်။

စိတ်ထောင်းတော့ ကိုယ်ကျေ စိတ်ပျိုတော့ ကိုယ်နု ဆိုသလို စိတ်ဆင်းရဲရင် ရုပ်လည်း ညှိုးလာ တတ်တယ်၊ ဒါ့ကြောင့် စိတ်ကို ရင်ထဲကပါ ချမ်းသာလာအောင် အဆက်မပြတ် ကုသိုလ်စိတ်တွေ ဖြစ်စေရမယ်၊ တတ်နိုင်သမျှ လှူ၊ ကိုယ်ကျင့် ကောင်းအောင်လုပ်၊ ဗုဒ္ဓါနုဿတိနဲ့ မေတ္တာပွား စိတ်ချမ်းသာ သွားပါလိမ့်မယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Sunday, January 17, 2010

လူချမ်းသာ အစစ်ကို ရချင်လျှင်

စာရိတ္တကျဆင်းတာတစ်ခုကို မပြုပြင်ဘဲ ကျန်တဲ့ဟာတွေကို ပြုပြင်နိုင်တယ်ဆိုဦး, ကိုယ်စိတ်ချမ်းသာရာကို ရနိုင်ကြမှာ မဟုတ်ပါဘူး။
တကယ်လို့ ချမ်းသာတယ် ဆိုရင်တောင် သောက ကင်းဝေးပြီး ငြိမ်းအေးတဲ့ လူ့ချမ်းသာမျိုး မဟုတ်ဘဲ တိရစ္ဆာန်ချမ်းသာမျိုးပဲ ဖြစ်လိမ့်မယ်။
ဒါ့ကြောင့် စာရိတ္တကို ရှေ့တန်းတင် ထိန်းကျောင်း ပြုပြင်ပေးနိုင်ပါမှ လူ့ချမ်းသာအစစ်ကို ရနိုင်ကြမှာ ဖြစ်မယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Saturday, January 16, 2010

စိတ်နေမြင့်သူ နည်းကိုယူ

လာဘ်ရတာ မရတာ၊ အခြွေရံပေါတာ ရှားတာ၊ ကဲ့ရဲ့တာ ချီးမွမ်းတာ၊ ကိုယ်စိတ်ချမ်းသာတာ ဆင်းရဲ
တာ ဆိုတဲ့ လောကဓံတရားရှစ်ပါးကို လူတိုင်း တွေ့ကြရမှာပါပဲ။

အကောင်း လောကဓံတွေနဲ့ တွေ့ရင် ၀မ်းသာကြတယ်၊ ပျော်ကြတယ်၊ အဲဒီလို ပျော်တာကိုပဲ တုန်လှုပ်တာ လို့ ခေါ်ရတယ်၊ မကောင်း လောကဓံနဲ့ ကြုံလို့ ၀မ်းနည်းကြ ငိုကြွေးကြတာဟာလည်း တုန်လှုပ်ခြင်း တစ်မျိုးပါပဲ။

သတ္တိရှိသူ စိတ်နေစိတ်ထားမြင့်သူတွေ အဖို့တော့ အကောင်းနှင့်တွေ့လည်း သိပ်ပြီး မတုန်လှုပ် မကောင်းနဲ့တွေ့လည်း သိပ်ဂရုမစိုက် ကိုယ်လျှောက်ရမည့် လမ်းကိုသာ လျှောက်လှမ်းလေ့ရှိကြတယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Friday, January 15, 2010

ဒုက္ခပေးမယ့် စာတတ်ခြင်း

သူများတွေ ပြောလို့ သိတာမျိုးက တကယ့်အသိစစ်မဟုတ်သေးဘူး၊ ကိုယ်တိုင် အားထုတ်ကြည့်လို့
သိလာတဲ့ အသိမျိုးမှ အသိစစ် အသိမှန်ဖြစ်တယ်။
စာတွေကို သင်တော့ သင်ရမယ်၊ စာသင်တယ်ဆိုတာ ကျင့်တတ် ကြံတတ်စေဖို့ ပိဋကတော်တွေ
မပျောက်ပျက်စေဖို့ ဒီလို ရည်ရွယ်ချက်ပဲ ရှိသင့်တယ်။
ဂုဏ်ရှိဖို့ ကျော်ကြားဖို့ လာဘ်ရဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ စာသင်တယ်ဆိုရင်တော့ ဦးတည်ချက်
မမှန်ရုံမကဘူး တတ်လာတဲ့ စာတွေက လူကို ပြန်ပြီး ဒုက္ခပေးတတ်တယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Thursday, January 14, 2010

စာရိတ္တဖောက်လျှင် လူညွန့်တုံး

ဘွဲ့တံဆိပ်လက်မှတ်တွေလောက်ကိုများ အဟုတ်ကြီးလုပ်ပြီး အထင်မကြီးလိုက်ကြပါနဲ့၊ အထင်ကြီးရင်မှားပါလိမ့်
မယ်။ကိုယ်ကျင့်သီလ စာရိတ္တကသာ အရေးကြီးတာပါ၊ စာရိတ္တဖောက်တာနဲ့ လူညွန့်တုံး တော့တာပါပဲ။

လောကဂုဏ်ဆိုတာ တစ်ဘ၀စာ, တစ်နပ်စာ ကလေးပါ၊ အားမကိုးလောက်ပါဘူး၊ ကိုယ်ကျင့်သီလ, စာရိတ္တ မပါဘဲ ကြီးပွါး တိုးတက်နေတယ်ဆိုရင် ဒါဟာ ရှေးကံကြွင်း ကံစကြောင့်ပါ၊ သာသာနာအနေနဲ့တော့ အရေအတွက်ထဲ မသွင်းပါဘူး။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Monday, January 11, 2010

အတွယ်အတာကို ဖြတ်နည်း

လူတစ်ယောက် အထက်တန်းရောက်ပြီး လူရာဝင်တယ်ဆိုတာ စိတ်နေစိတ်ထား မြင့်မြတ်ထက်သန်မှုအပေါ်
မူတည်ပါတယ်၊ စိတ်ထားမြင့်မှ ကံပင့်တယ်၊ ကံပင့်မှလည်း စိတ်ထား ဖြောင့်တယ်ဆိုတာကို သတိပြုဖို့လိုတယ်။
သံယောဇဉ်ဆိုတာ ခက်တယ်၊ လက်ရှိဘ၀ကို စွန့်ဖို့ဆိုတာ အခြံအရံတွေ များရင် များသလောက် အဖြတ်ရခက်
တယ်၊ ပတ်ဝန်းကျင် အတွယ်အတာတွေကို ဖြတ်နိုင်တယ်ထား၊ နောက်ဆုံး ကိုယ့်ခန္ဓာကိုယ်ကျတော့ မစွန့်နိုင်တော့ပြန်ဘူး။
ဒါ့ကြောင့် ရှေးအလောင်းတော်ကြီးများက အတွယ်အတာကို ဖယ်ခွါတဲ့အနေနဲ့ ရှိသမျှ ပစ္စည်းတွေ အကုန် လှူပစ်ခဲ့ကြတာဖြစ်တယ်။
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Friday, January 8, 2010

စာချိုးလေးနှင့် ယှဉ်ကြည့်ပါဦး

တစ်ချို့က ဟန်သိပ်ကောင်းတယ်၊ အဲဒီလို ဟန်ဆောင်တာကိုပဲ ယုံတဲ့သူက ရှိသေးတယ်၊ ဓာတ်မသိရင်
တော့ မယုံတာ ကောင်းပါတယ်၊ ခေတ်ကာလ စာချိုးလေးတောင်ရှိသေးတယ် မဟုတ်လား။
> စာတတ်ယောင်ယောင် ဟန်ပန်ဆောင် ထိပ်ပြောင်ကြီးနဲ့ ၀င့်လတံ့။
>> သာသနာပြုရေး အသံပေး အောက်ကျေးအောက်ရွာ လွင့်လတံ့။
>>> ထိုခါအောက်သား လူအများ မြှောက်စား ကိုးကွယ်ကြလတံ့။
>>>> ကျောင်းကြီးကံပေါ် စက်တော်ခေါ် စိတ်တော်မိုးသို့ ထိုးလတံ့။
>>>>> တွေ့ရာစုဆောင်း ရရာရောင်း အတောင်းအခံ များလတံ့။
ဖြောင့်မတ်ပြီး မြင့်မြတ်တော်တဲ့ ဘုရားသာသနာတော်နှင့် ကြုံခိုက်မှာ ဖြောင့်မတ်ကြပါ၊ မြင့်မြတ်စွာ ကျင့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Thursday, January 7, 2010

ကန်ဖို့တာနှင့် အချိန်မကုန်စေရ

ရည်ရွယ်ချက် မမှန်တဲ့ စာသင်နည်းစနစ်ဟာ စာတတ်တဲ့ အပေါ်မှာပဲ မာန၀င်ပြီး ကိုယ့်ကို ဒုက္ခ
ပြန်ပေးတတ်တယ်။
>>>စာကို တတ်အောင် သင်ပါ။
>>>ကိုယ်ပေါ်လည်း ရောက်အောင်ကျင့်ပါ။
>>>နှစ်ပေါင်းများစွာ အဆင်းရဲခံပြီး သင်ခဲ့ရတဲ့ စာတွေ သင်ရကျိုးနပ်အောင် ကြိုးစားကျင့်ကြပါ။
>>>စာသင်တယ်ဆိုတာ ကန်ပေါင်ဆယ်တာနဲ့ တူသတဲ့။
>>>ကန်ရှိမှ ရေရှိ-- ရေရှိမှ ကြာပွင့်နိုင်တာ မဟုတ်လား။
>>>ဒါပေမယ့် တစ်သက်လုံးတော့ ကန်ဆည် ကန်ဖို့တာနဲ့ပဲ အချိန်မကုန်ကြစေနဲ့ဦး။
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်
လာရောက်သူမိတ်ဆွေသူငယ်ချင်းများအားလုံး ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ