ထိမိပြတ်သား ရိုးစင်းစွာ ရေးထားသော ကဗျာစာသားများက မ၀ံ့မရဲ ငယ်ရွယ်သူ နှလုံးသားများကို ရဲဆေး
တင်ပေးနေသည်ဟု ၀န်ခံရမှာပါ။
သဘာဝလောကကြီးကိုက အလင်းနဲ့ အမှောင်၊ အပျော့နဲ့ အမာ၊ အအေးနဲ့အပူ၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း၊ ချစ်ခြင်းနဲ့မုန်းခြင်း၊ အကောင်းနဲ့အဆိုး ဒွန်တွဲဖွဲ့ယှက်ထားတာဆိုတော့ ရှိသင့်ထားသင့်သော အကြောက်တရား မရှိသင့်မထားသင့်သော အကြောက်တရားဟူ၍ ကွဲပြားခြားနားမှုရှိတာပေါ့။
မြတ်ဗုဒ္ဓဒေသနာတော်များမှာ အကြောက်တရား လေးမျိုး ဖော်ပြပါရှိသည်။
၁။ ။ စိတ်၏ကြောက်လန့်ခြင်း (စိတ္တုတြာသဘယ)၊
၂။ ။ ဉာဏ်နှင့်ယှဉ် သိမြင်၍ ကြောက်ခြင်း (ဉာဏဘယ)၊
၃။ ။ ကြောက်ဖွယ်အာရုံကို တွေ့မြင်၍ ကြောက်ခြင်း (အာရမ္မဏဘယ)၊
၎။ ။ မကောင်းမှုမှ ကြောက်ခြင်း (သြတ္တပ္ပဘယ)။
ရှင်သန်မွေးဖွားလာသူတိုင်းကို ကံတရားက ပေးလိုက်သော အမွေဆိုးတွေထဲက တစ်ခုကတော့ ကြောက်စိတ် ဖြစ်၏၊ နှလုံးသားထဲ အလိုလိုစိုးရိမ်ကြောက်လန့်တတ်သော ဗီဇကြောက်စိတ်ကို စိတ်၏ကြောက်လန့်ခြင်း ဟု သတ်မှတ်ထား၏။
ဓားသွားပေါ်ကပျားရည်စက်လို သုခနှမ်းစေ့လေးများကို ပါးပါးဖြူးထားပေမယ့် ထုထည်ကြီးမားလှသော ဒုက္ခနွံ
အိုင်ထဲ ကျွံဝင်နစ်မြုပ်နေသူများအတွက် မတည်မြဲမှု ဆင်းရဲမှု အစိုးမရမှု လက္ခဏာများ ဉာဏ်ရှင်လျှင် ထင်သာ
မြင်သာရှိပါ၏၊ သာမာန် အသားမျက်လုံးနဲ့သာ မြင်လျှင်တော့ ဒုက္ခတွင်းနက်ကြီးထဲ နက်နက်ရှိုင်းရှိုင်း မမြင်နိုင်ပါ။
သို့သော် ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ရိုက်ချိုးထားသလို ကိုယ့်အာသာ ရမ္မက်တွေ, ကြောက်စိတ်တွေကို အနိစ္စ
ဒုက္ခ, အနတ္တ ဒုတ်သုံးချောင်းနဲ့ ပြန်ရိုက်ချိုးထားသူတွေအတွက် အရာအားလုံး အကျိုးမဲ့များသာ ကြောက်စရာ
ကောင်းသော မတည်မြဲမှုများသာ၊ ဤအသိအမြင်ကို သိမြင်၍ ကြောက်ခြင်းဟု ခေါ်၏။
ဒုက္ခအညစ်အကြေးကို တိုက်ချွတ်ဆေးကြောလိုသူများအတွက် အသိနှင့် ငြီးငွေ့ကြောက်ရွံ့ခြင်းသည် စင်ကြယ်
ခြင်း လမ်းကြောင်းမှန်ဖြစ်၏။
ထင်သာမြင်သာသော အထိတ်တလန့် မြင်ကွင်း အလန့်တကြား အသံများစသော အနိဋ္ဌာရုံ အာရုံကြမ်းတွေ
ကြောင့် ဖြစ်ပေါ်လာသော စိတ်သဘောကို ကြောက်စရာအာရုံကို တွေ့မြင်၍ ကြောက်ခြင်းဟု ပိုင်းခြားသတ်မှတ်
ထား၏။
ဘုရင်ကြွလာတာမြင်တော့ ကမ်းပါးမှာ ငါးမျှားနေသော ကိုယ်တော်တစ်ပါး ငါးမျှားတံကို ပစ်ချထွက်ပြေးသွား၏။
ထိုကိုယ်တော်ပစ်ချသွားသော ငါးမျှားတံကို ကြည့်ပြီး ဘုရင့်မှာ သဒ္ဓါတရားတွေပေါက်ပြီး ဆွမ်းအုပ်တွေ ပို့လှူဒါန်း
ခိုင်း၏၊ နားမလည်အောင် ဖြစ်နေသော မှူးမတ်များကို ဒီကိုယ်တော် မကောင်းမှုလုပ်နေပေမဲ့ မကောင်းတာလုပ်
ရာမှာ ကြောက်တတ်တဲ့ သြတ္တပ္ပသူတော်ကောင်းတရား ရှိတယ်၊ ဒီတရားကို ကြည်ညိုလို့ ငါလှူဒါန်းတာ လို့
မိန့်တော်မူမှ အားလုံး လောကမှာ သြတ္တပ္ပတရား အရေးကြီးကြောင်း နားလည် သွားကြ၏။
လောကကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသော လောကပါလတရား(၂) ပါးသည် အရှက်တရား(ဟိရီ)နှင့်
အကြောက်တရား (သြတ္တပ္ပ) ပင်ဖြစ်၏။ အကယ်၍ ခွေး ဆိတ် သိုးများလို အရှက် အကြောက်တရား မရှိတော့ဘူး
ဆိုလျှင် လောကလူ့ဘောင်ထဲမှာ မိကြီး မိထွေး ဒေါ်ကြီး ဒေါ်လေး ဦးကြီး ဦးလေး ဘကြီး ဘဒွေးဆိုတာ ဘယ်မှာ
ရှိနိုင်တော့အံနည်း၊ ရိုသေလေးစားမှု ဂါရ၀တရား များ တဖြေးဖြေး ထွက်ခွာ သွားလျှင် ရိုင်းစိုင်းကြမ်းတမ်းမှုများ
ယုတ်မာမှုများ အစားထိုး ၀င်ရောက်လာမည်။
ဂါရ၀တရား၏ အကြောင်း အတိတ်သမိုင်းဟောင်း စာအုပ်များမှာသာ ပုံပြင်ဆန်ဆန် ဖတ်ကြရတော့မည်။ အရှက် အကြောက်တရားနှစ်ပါးက ဖန်ဆင်းစောင့်ရှောက်ထား၍သာလျှင် မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ရိုသေ လေးစားထိုက်သူများ ပူဇော်ထိုက်သူများ လူ့လောကမှာ တွေ့မြင်နေရခြင်းပင်။
တနည်းအားဖြင့်ဆိုသော် တိရစ္ဆာန်တို့ထက် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားနေခြင်းပင်၊ ထို့ကြောင့် မကောင်း
မှုမှ ကြောက်ခြင်း သြတ္တပ္ပတရားကို သူတော်ကောင်းများ ကျင့်သုံးသော ကျင့်ထုံးဥပဒေသဟု ပညတ်ထားကြ၏။
အဘိဓမ္မာသဘောတရားအရ အကြောက်တရားသည် ဒေါသပင်ဖြစ်၏၊ အကြောက်တရား လွှမ်းမိုးလာလျှင်
အကြောင်းအကျိုး အကောင်းအဆိုးကို မသိနိုင်၊ ဓမ္မနှင့် အဓမ္မကို ခွဲခြား၍ မမြင်နိုင်၊ ကြောက်စိတ်ဝင်လာသော
အခါ အသိဉာဏ် မိုက်ကန်းသွားတော့၏ဟု ကြောက်စိတ်ကင်းသော မြတ်ဗုဒ္ဓက မိန့်ကြားခဲ့၏။
အကြောက်တရားလေးမျိုးထဲတွင် ဗီဇစိတ်၏ ကြောက်တတ်မှုကို ဖြောက်ရခက်ပေမဲ့ မတရားနည်းလမ်းနှင့် ခြိမ်း
ခြောက်မှုကိုတော့ မကြောက်မိဖို့ သတိထားရမည်၊ အကြောက်နှင့် အရှုံးက တွဲစပ်နေ၍ ကြောက်တတ်သူများ
ဘ၀တိုက်ပွဲမှာ ရှုံးနိမ့်သွားတတ်ကြ၏။
လောကဓံမုန်တိုင်းထန်လာလျှင် မကြောက်တရားကသာ ကျောက်သားကျောက်တိုင်ပမာ ခိုင်ခန့်တည်ငြိမ်စွာ
ပြန်ရင်ဆိုင်တတ်၏၊ သိမြင်၍ ကြောက်ခြင်းသဘောကို ဘ၀နောက်ကြောင်း ကောင်းသထက်ကောင်းဖို့ ကျင့်သုံး
သင့်၏။
သတ္တ၀ါများကို အချိန်တိုင်း ကုတ်ခြစ်စားသောက်နေသော အို နာ သေ ဘီလူးကြီးသုံးကောင်ဘေးမှ ကြောက်ရွံ့
ထိတ်လန့်ကြလျှက် လွတ်မြောက်ရေးလမ်းကို ရှာဖွေသင့်သည်၊ မကောင်းမှုမှ ကြောက်ခြင်းကို မိမိတို့ နှလုံးသား
ထဲ စွဲမြဲအောင် ကျိုးစားတည်ဆောက်လျှက် ဘုရားစသော သူတော်ကောင်းကြီးများ တန်ဖိုးထားသော လောက
ပါလတရားကို တမြတ်တနိုး တန်ဖိုးထားသင့်ပေ၏၊
ကြောက်သင့်သည်ကို ကြောက်လျှက် မကြောက်သင့်သည်ကို မကြောက်မိဖို့ လမ်းကြောင်းမှန်ပေါ် ခပ်ရဲရဲ ခရီး
ဆက်နိုင်ဖို့ မိမိတို့ အတွက် အထူးလိုအပ်လာပြီလေ.........
မကောင်းမှုမှ မကြောက်သူကို
ပညာရှင်များ မချီးမွမ်း။
ရဲရင်စွာ မကောင်းမှု ပြုသူကို
ပညာရှိများ ကဲ့ရဲ့ကြ၏၊
သူတော်ကောင်းတရားဟူသည်
သံသရာဘေးကို ကြောက်၍
မကောင်းမှု မပြု။
ဗုဒ္ဓ
သံ. ၁. ၂၁
ရည်ညွန်း။ ။ သဂါထာဝဂ္ဂ၊ နိဒါန၀ဂ္ဂသံယုတ္တပါဠိ၊ စွယ်စုံကျော်ထင်ကျမ်း