စိတ်ကောင်းရှိဖို့က ပထမ

Tuesday, January 12, 2010

ကြောက်စိတ်

အူဝဲ ဆိုတဲ့ အော်ဟစ်ညည်းတွားသံနှင့်အတူ လူ့လောကကြီးထဲ မိမိတို့ ကြောက်ရွံ့ထိတ်လန့်စွာ ရောက်ရှိ လာခဲ့ကြ၏၊ ပဋိသန္ဓေမျိုးစေ့မှာ ကပ်ငြိပါလာသော စိုးရိမ်ထိတ်လန့်မှုက လူ့လောကသစ်ထဲ စတင်ခြေချ ချိန်မှာဟန်မဆောင်နိုင်ပဲ ဗူးပေါ်သလို ပေါ်သွားတော့သည်၊ လူ့ဘ၀ရဲ့ ဒုက္ခဇာတ်လမ်းတွဲကြီးကို အူဝဲ ဆိုတဲ့ ငိုချင်းရှည်ကြီးနှင့် စတင်ဖွင့်လှစ်လိုက်ပြီဆိုပါတော့........

အတွေးမကြွယ်သော ကလေးငယ်တစ်ဦးရဲ့ နှလုံးသားနုနုထဲ ခိုင်ခန့်စွာ အမြစ်တွယ်ကပ်ပါလာသော အကြောက်
တရားကို ဖုံးဖိဖို့ အလွန်ခက်လှပါ၏၊ အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ ခြောက်လှန့် ပြနေသော ကြောက်စရာ ကမ္ဘာ
ကြီးထဲမှာ ကျားရှေ့ ရောက်နေသော ယုန်သူငယ်လို ကြောက်ရွံ့တုန်လှုပ်ရ၏၊

အချင်းချင်းပွတ်တိုက် ထိခတ်မှု အကြမ်းစား အာရုံတွေအောက်မှာ စိုးထိပ်ကြောက်ရွံ့ခဲ့ရတာ လူမမယ်အရွယ်
ကတည်းကပါ။ မိဘကို ကြောက်ရ, ဆရာသမားများကြောက်ရ, နာနာဘာဝဆိုတာတွေကို ကြောက်ရ, ပတ်ဝန်း
ကျင်အသိုင်းအ၀န်းကိုကြောက်ရနဲ့ တစ်ခါတစ်ရံ တစ်ယောက်တည်း တိတ်ဆိတ်စွာ နေပေမယ့် အထီးကျန်
အဖော်မဲ့မှုက တစ္ဆေတစ်ကောင်အလား ခြောက်လှန့်နေတော့လည်း ကြောက်ရပြန်၏၊

ဇွတ်အတင်း မောင်းထုတ်ပေမဲ့ ထွက်ပြေးမသွားတဲ့ အကြောက်တရားက မိမိတို့ စိတ်ဝိညာဉ်ကို လွှမ်းမိုး ချုပ်ကိုင် ထားလွန်း၏။ မိမိတို့ ဖြတ်ကျော်ခဲ့တဲ့ ခရီးလမ်းမှာ လှိုင်းထကြွင်းကျန်ရစ်ခဲ့သော သုခ, ဒုက္ခ လှိုင်းလုံး များမို့ ပြန်လှည့်ရေတွက် ကြည့်မိတော့ အလိုမကျမှုတွေသာ ထင်စွဲမှတ်မိနေတတ်၏၊ ဒေါသက ပရိယာယ် ဆင်ပြီး အလိုမကျမှု, မကျေ နပ်မှု, အကြောက်တရားများ စသည် နာမည်တံဆိပ်အမျိုးမျိုးနဲ စိတ်အ နာပေါက် တွေ ဖြစ်စေ၏၊

ရှေ့လာမယ့်အနာဂတ်ကမ်းစပ်ကို မျှော်မှန်းကြည့်တော့လည်း မရေရာမှု နှင်းထုတွေကြားမှာ မှုန်ဝါးဝါးနှင့် ပစ္စုပ္ပန်ယိုင်နဲ့နဲ့ဝါးလုံးတိုင် ပေါ်မှာ ဘီလူးဆိုင်းနှင့် အပြိုင်ကပြနေရပေမယ့် ရင်ဘတ်ထဲမှာတော့ စိတ်မချမ်းမြေ့မှုများက တစ်ငွေ့ငွေ့ ကျွမ်းလောင်နေ၏။

ဆရာသမားများရဲ့ ချောင်းဟန့်သံက မကောင်းတာလုပ်နေသော တပည့်အတွက် အမြှောက်နှင့် ပစ်လိုက်သလို
ခြောက်ခြားရ၏၊ လေပြေလေညှင်းက သာသာအေးအေး တိုက်ခတ်ပေမယ့် သစ်ရွက်တွေကိုက ကြောက်အား
ကြီးလွန်းသည်၊ တဖွဲဖွဲကြွေကျနေလိုက်တာ ရွက်ကြွေမိုးများ ရွာချနေသလိုပါပဲ၊ ကျောက်စရစ်ခဲတစ်ခဲနှင့် အသာ ပစ်လိုက်ရုံရှိသေး ကန်ရေပြင်တစ်ခုလုံး ဘောင်ဘင်ခတ်ရတယ်လို့ သဘာဝပတ်ဝန်းကျင်လည်း တုန်လှုပ်
ကြောက်ရွံ့လိုက်တာ လွန်ပါရော။

ငါ့တပည့် ဘာတွေလုပ်နေလဲ ဟု ဆရာဘုန်းကြီးက မေးတော့ တပည့်တော် မပါပါဘူးဘုရား ဟု တပည့်ပြန်ဖြေ
သံကြားဖူး၏၊ တကယ်တမ်းကျတော့ မိမိတို့ တစ်တွေသည် မျက်မမြင် အကြောက်တရားပေါ် ခွစီးပြီး ခပ်တည်တည်နှင့် ခေါင်းထောင်မာန်ဝင့်နေသလိုပင်။

ကမ္ဘာကြီးကို ဗုံးထောင်ခွဲလိုက်သလို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသော ကမ္ဘာစစ်ကြီး (၂)ခု အကြောင်း မိမိတို့ ဘယ်မေ့လို့ရမှာလဲ၊ လူသားမျိုးနွယ်များ ပျက်သုဉ်းစေနိုင်သော စစ်ပွဲကြီးများ ပေါ်ပေါက်လာခြင်းအကြောင်းရင်း
များကို ပညာရှင်များ ပြန်လည် သုံးသပ်ဆင်ခြင်ကြ၏၊ ကောက်ချက်ချမိသော အကြောင်းရင်းများစွာထဲက အရေး
ပါသော အကြောင်းရင်းတစ်ခုကား အကြောက်တရားကြောင့် စစ်ဖြစ်ရ၏ဟု အတည်ပြုထားကြ၏။

စစ်ကြီးဖြစ်လာလျှင် လူတွေအားလုံး အတိဒုက္ခရောက်ကြမှာ သိကြတာပေါ့၊ စစ်ကို မည်သူမျှ မလိုလားကြဘူးလေ
ဒါပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အတင်းအဓမ္မ သိမ်းပိုက်ခံရမှာ ကြောက်ရွံ့ကြ၏၊ ထိုအကြောက်တရား
ကြောင့် ကာကွယ်ရေးအတွက် လက်နက်တွေ အပြိုင်တပ်ဆင်ကြသည်၊ သူ့ထက်ငါ စစ်ပွဲတွေစည်းကြ အစွမ်းထက် လက်နက်တွေ အပြိုင်တပ်ဆင်ကြတော့ သူ့ကို ငါမယုံ ငါ့ကိုသူမယုံနဲ့ နောက်ဆုံးတော့ ကြောက်လုပ်
လုပ်လိုက်သော လူသတ်စစ်ပွဲကြီး ဖြစ်လာရတော့သည်။

ပထမကမ္ဘာစစ်မှာ ကျဆုံးသော စစ်သား (၁၀) သန်း
သေပြီးသူဟု ယူဆသူ (၃) သန်း
စစ်သုံးပန်း (၁၃) သန်း
မိဘမဲ့ကလေး (၉) သန်း
မုဆိုးမဖြစ်သွားသူ (၅) သန်း
ဒုတိယကမ္ဘာစစ်ပွဲမှာ သေဆုံးသူပေါင်း (၅၅) သန်းရှိပြီး စာရင်းမပါသေဆုံးသူများ အိုးမဲ့အိမ်မဲ့ဖြစ်သူများ
ဒဏ်ရာအနာတရဖြစ်သူများက မရေမတွက်နိုင်အောင် များပြားလွန်းလှသည်၊ ရက်စက်စွာ နှိပ်စက် ဖျက်ဆီး တတ်သော အကြောက်တရားသည် စစ်ပွဲများကို တောင် သွေးဆောင်ဖျားယောင်းနိုင်စွမ်းရှိ၏၊

အဆုံးအစမဲ့ သွေးပင်လယ်ကြီးများရဲ့ စတင်စီးဆင်းရာသည် အကြောက်တရားမှ ဖြစ်နေ၍ ကမ္ဘာပေါ်မှာ ကြောက်
စရာ အကောင်းဆုံးရန်သူသည် " အကြောက်တရား " ဟုပင် ဆိုရမည် မဟုတ်လော...........
ကဗျာဆရာ မောင်သစ်ဆင်းရဲ့ " ကြောက်စိတ် " ဟူသော ကဗျာကို သတိရမိ၏၊

ဘ၀ခရီးအတွက်
ကြောက်စရာ အကောင်းဆုံးအရာဟာ
အကြောက်တရားပါ၊
ကလေးငယ်ရဲ့ ရင်ထဲကို
ကြောက်စိတ်သွင်းပေးလိုက်တာဟာ
အနာဂတ်ကို မြေမြုပ်သင်္ဂြီုဟ်ဖို့
ကျင်းတူးပေးလိုက်ခြင်းပါပဲ၊
(၂၁) ရာစု တံခါးဝမှာ
စာတမ်းတစ်ခု ချိတ်ထားတယ်၊
"ကြောက်တတ်သူ မ၀င်ရ" တဲ့။
ထိမိပြတ်သား ရိုးစင်းစွာ ရေးထားသော ကဗျာစာသားများက မ၀ံ့မရဲ ငယ်ရွယ်သူ နှလုံးသားများကို ရဲဆေး
တင်ပေးနေသည်ဟု ၀န်ခံရမှာပါ။

သဘာဝလောကကြီးကိုက အလင်းနဲ့ အမှောင်၊ အပျော့နဲ့ အမာ၊ အအေးနဲ့အပူ၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း၊ ချစ်ခြင်းနဲ့မုန်းခြင်း၊ အကောင်းနဲ့အဆိုး ဒွန်တွဲဖွဲ့ယှက်ထားတာဆိုတော့ ရှိသင့်ထားသင့်သော အကြောက်တရား မရှိသင့်မထားသင့်သော အကြောက်တရားဟူ၍ ကွဲပြားခြားနားမှုရှိတာပေါ့။

မြတ်ဗုဒ္ဓဒေသနာတော်များမှာ အကြောက်တရား လေးမျိုး ဖော်ပြပါရှိသည်။
၁။ ။ စိတ်၏ကြောက်လန့်ခြင်း (စိတ္တုတြာသဘယ)၊
၂။ ။ ဉာဏ်နှင့်ယှဉ် သိမြင်၍ ကြောက်ခြင်း (ဉာဏဘယ)၊
၃။ ။ ကြောက်ဖွယ်အာရုံကို တွေ့မြင်၍ ကြောက်ခြင်း (အာရမ္မဏဘယ)၊
၎။ ။ မကောင်းမှုမှ ကြောက်ခြင်း (သြတ္တပ္ပဘယ)။

ရှင်သန်မွေးဖွားလာသူတိုင်းကို ကံတရားက ပေးလိုက်သော အမွေဆိုးတွေထဲက တစ်ခုကတော့ ကြောက်စိတ် ဖြစ်၏၊ နှလုံးသားထဲ အလိုလိုစိုးရိမ်ကြောက်လန့်တတ်သော ဗီဇကြောက်စိတ်ကို စိတ်၏ကြောက်လန့်ခြင်း ဟု သတ်မှတ်ထား၏။

ဓားသွားပေါ်ကပျားရည်စက်လို သုခနှမ်းစေ့လေးများကို ပါးပါးဖြူးထားပေမယ့် ထုထည်ကြီးမားလှသော ဒုက္ခနွံ
အိုင်ထဲ ကျွံဝင်နစ်မြုပ်နေသူများအတွက် မတည်မြဲမှု ဆင်းရဲမှု အစိုးမရမှု လက္ခဏာများ ဉာဏ်ရှင်လျှင် ထင်သာ
မြင်သာရှိပါ၏၊ သာမာန် အသားမျက်လုံးနဲ့သာ မြင်လျှင်တော့ ဒုက္ခတွင်းနက်ကြီးထဲ နက်နက်ရှိုင်းရှိုင်း မမြင်နိုင်ပါ။

သို့သော် ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ရိုက်ချိုးထားသလို ကိုယ့်အာသာ ရမ္မက်တွေ, ကြောက်စိတ်တွေကို အနိစ္စ
ဒုက္ခ, အနတ္တ ဒုတ်သုံးချောင်းနဲ့ ပြန်ရိုက်ချိုးထားသူတွေအတွက် အရာအားလုံး အကျိုးမဲ့များသာ ကြောက်စရာ
ကောင်းသော မတည်မြဲမှုများသာ၊ ဤအသိအမြင်ကို သိမြင်၍ ကြောက်ခြင်းဟု ခေါ်၏။

ဒုက္ခအညစ်အကြေးကို တိုက်ချွတ်ဆေးကြောလိုသူများအတွက် အသိနှင့် ငြီးငွေ့ကြောက်ရွံ့ခြင်းသည် စင်ကြယ်
ခြင်း လမ်းကြောင်းမှန်ဖြစ်၏။

ထင်သာမြင်သာသော အထိတ်တလန့် မြင်ကွင်း အလန့်တကြား အသံများစသော အနိဋ္ဌာရုံ အာရုံကြမ်းတွေ
ကြောင့် ဖြစ်ပေါ်လာသော စိတ်သဘောကို ကြောက်စရာအာရုံကို တွေ့မြင်၍ ကြောက်ခြင်းဟု ပိုင်းခြားသတ်မှတ်
ထား၏။
ဘုရင်ကြွလာတာမြင်တော့ ကမ်းပါးမှာ ငါးမျှားနေသော ကိုယ်တော်တစ်ပါး ငါးမျှားတံကို ပစ်ချထွက်ပြေးသွား၏။
ထိုကိုယ်တော်ပစ်ချသွားသော ငါးမျှားတံကို ကြည့်ပြီး ဘုရင့်မှာ သဒ္ဓါတရားတွေပေါက်ပြီး ဆွမ်းအုပ်တွေ ပို့လှူဒါန်း
ခိုင်း၏၊ နားမလည်အောင် ဖြစ်နေသော မှူးမတ်များကို ဒီကိုယ်တော် မကောင်းမှုလုပ်နေပေမဲ့ မကောင်းတာလုပ်
ရာမှာ ကြောက်တတ်တဲ့ သြတ္တပ္ပသူတော်ကောင်းတရား ရှိတယ်၊ ဒီတရားကို ကြည်ညိုလို့ ငါလှူဒါန်းတာ လို့
မိန့်တော်မူမှ အားလုံး လောကမှာ သြတ္တပ္ပတရား အရေးကြီးကြောင်း နားလည် သွားကြ၏။

လောကကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသော လောကပါလတရား(၂) ပါးသည် အရှက်တရား(ဟိရီ)နှင့်
အကြောက်တရား (သြတ္တပ္ပ) ပင်ဖြစ်၏။ အကယ်၍ ခွေး ဆိတ် သိုးများလို အရှက် အကြောက်တရား မရှိတော့ဘူး
ဆိုလျှင် လောကလူ့ဘောင်ထဲမှာ မိကြီး မိထွေး ဒေါ်ကြီး ဒေါ်လေး ဦးကြီး ဦးလေး ဘကြီး ဘဒွေးဆိုတာ ဘယ်မှာ
ရှိနိုင်တော့အံနည်း၊ ရိုသေလေးစားမှု ဂါရ၀တရား များ တဖြေးဖြေး ထွက်ခွာ သွားလျှင် ရိုင်းစိုင်းကြမ်းတမ်းမှုများ
ယုတ်မာမှုများ အစားထိုး ၀င်ရောက်လာမည်။

ဂါရ၀တရား၏ အကြောင်း အတိတ်သမိုင်းဟောင်း စာအုပ်များမှာသာ ပုံပြင်ဆန်ဆန် ဖတ်ကြရတော့မည်။ အရှက် အကြောက်တရားနှစ်ပါးက ဖန်ဆင်းစောင့်ရှောက်ထား၍သာလျှင် မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ရိုသေ လေးစားထိုက်သူများ ပူဇော်ထိုက်သူများ လူ့လောကမှာ တွေ့မြင်နေရခြင်းပင်။

တနည်းအားဖြင့်ဆိုသော် တိရစ္ဆာန်တို့ထက် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားနေခြင်းပင်၊ ထို့ကြောင့် မကောင်း
မှုမှ ကြောက်ခြင်း သြတ္တပ္ပတရားကို သူတော်ကောင်းများ ကျင့်သုံးသော ကျင့်ထုံးဥပဒေသဟု ပညတ်ထားကြ၏။

အဘိဓမ္မာသဘောတရားအရ အကြောက်တရားသည် ဒေါသပင်ဖြစ်၏၊ အကြောက်တရား လွှမ်းမိုးလာလျှင်
အကြောင်းအကျိုး အကောင်းအဆိုးကို မသိနိုင်၊ ဓမ္မနှင့် အဓမ္မကို ခွဲခြား၍ မမြင်နိုင်၊ ကြောက်စိတ်ဝင်လာသော
အခါ အသိဉာဏ် မိုက်ကန်းသွားတော့၏ဟု ကြောက်စိတ်ကင်းသော မြတ်ဗုဒ္ဓက မိန့်ကြားခဲ့၏။

အကြောက်တရားလေးမျိုးထဲတွင် ဗီဇစိတ်၏ ကြောက်တတ်မှုကို ဖြောက်ရခက်ပေမဲ့ မတရားနည်းလမ်းနှင့် ခြိမ်း
ခြောက်မှုကိုတော့ မကြောက်မိဖို့ သတိထားရမည်၊ အကြောက်နှင့် အရှုံးက တွဲစပ်နေ၍ ကြောက်တတ်သူများ
ဘ၀တိုက်ပွဲမှာ ရှုံးနိမ့်သွားတတ်ကြ၏။

လောကဓံမုန်တိုင်းထန်လာလျှင် မကြောက်တရားကသာ ကျောက်သားကျောက်တိုင်ပမာ ခိုင်ခန့်တည်ငြိမ်စွာ
ပြန်ရင်ဆိုင်တတ်၏၊ သိမြင်၍ ကြောက်ခြင်းသဘောကို ဘ၀နောက်ကြောင်း ကောင်းသထက်ကောင်းဖို့ ကျင့်သုံး
သင့်၏။

သတ္တ၀ါများကို အချိန်တိုင်း ကုတ်ခြစ်စားသောက်နေသော အို နာ သေ ဘီလူးကြီးသုံးကောင်ဘေးမှ ကြောက်ရွံ့
ထိတ်လန့်ကြလျှက် လွတ်မြောက်ရေးလမ်းကို ရှာဖွေသင့်သည်၊ မကောင်းမှုမှ ကြောက်ခြင်းကို မိမိတို့ နှလုံးသား
ထဲ စွဲမြဲအောင် ကျိုးစားတည်ဆောက်လျှက် ဘုရားစသော သူတော်ကောင်းကြီးများ တန်ဖိုးထားသော လောက
ပါလတရားကို တမြတ်တနိုး တန်ဖိုးထားသင့်ပေ၏၊

ကြောက်သင့်သည်ကို ကြောက်လျှက် မကြောက်သင့်သည်ကို မကြောက်မိဖို့ လမ်းကြောင်းမှန်ပေါ် ခပ်ရဲရဲ ခရီး
ဆက်နိုင်ဖို့ မိမိတို့ အတွက် အထူးလိုအပ်လာပြီလေ.........

မကောင်းမှုမှ မကြောက်သူကို
ပညာရှင်များ မချီးမွမ်း
ရဲရင်စွာ မကောင်းမှု ပြုသူကို
ပညာရှိများ ကဲ့ရဲ့ကြ၏၊
သူတော်ကောင်းတရားဟူသည်
သံသရာဘေးကို ကြောက်၍
မကောင်းမှု မပြု။

ဗုဒ္ဓ
သံ. ၁. ၂၁

ရည်ညွန်း။ ။ သဂါထာဝဂ္ဂ၊ နိဒါန၀ဂ္ဂသံယုတ္တပါဠိ၊ စွယ်စုံကျော်ထင်ကျမ်း



ရှင်နိုဘယ်
စီးဆင်းဆဲ ဓမ္မမြစ်တစ်ဆင်းမှ

0 comments:

Post a Comment

လာရောက်သူမိတ်ဆွေသူငယ်ချင်းများအားလုံး ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ